စစ်တပ်က အာဏာသိမ်းထားသည့် ၁၁ လအကြာ ကာလအတွင်း စစ်ကောင်စီတပ်များ၏ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃၈၄ ဦး ကျဆုံးခဲ့ရပြီး ဖမ်းဆီး ခံထားရသူ ၁၁၂၈၉ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ စာရင်းမှာ AAPP က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ကောက်ယူမှတ်တမ်းပြုစုထားခြင်း ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူနှင့် ဖမ်းဆီးခံရသူများမှာ ယခုထက် ပို နိုင်သည်ဟု ဖော်ပြထားသည်။
.
ယနေ့အထိ ၈၃၃၈ ဦးမှာ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး ယင်းအနက် ၅၀၀ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရပြီး အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၃၉ ဦးသည် သေဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။
.
ထို့အပြင် ဖမ်းဝရမ်း ထုတ်ခံထားရခြင်းကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ် ချမှတ်ခံရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ် ချခံထားရကြောင်း သိရသည်။
.
နယ်ပယ်အသီးသီးမှ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆို ခံရခြင်းနှင့် ကျဆုံးသူများ၏ အချက်အလက်ကို fatality-data@aappb.org နှင့် detention-data@aappb.org သို့ အီးမေးလ် ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း AAPP က အသိပေးထားသည်။