[ ဆောင်းပါးရှင် - မောင်မောင်စိုး ]
.
စဝ်ဆေထင်သည် သူ့အကြောင်းနှင့်ပတ်သက်လျှင် ပြောလေ့ မရှိသူ ဖြစ်သည့်အပြင် သူ့အကြောင်း ရေးသား ဖော်ပြသည်များကိုလည်း မတွေ့ရှိရပေရာ သူနှင့်ပတ်သက်၍ အသေးစိတ် ဖော်ပြနိုင်ခြင်း မရှိပါ။ သို့သော် ၁၉၅၈ ခုနှစ် နွမ်စစ်ဟန်မှ အစပြုသည့် ရှမ်းလက်နက်ကိုင် တော်လှန်ရေးနှင့် တွဲလျက်ရှိသော သူအခန်းကဏ္ဍကိုမူ တွေ့နိုင်သည်ဟု ဆိုရပါမည်။
.
ထို့အပြင် ရှမ်းလက်နက်ကိုင် ပုန်ကန်မှုအစပြုသည့် နွမ်စစ်ဟန်ကာလကထဲက သက်ရှိထင်ရှားရှိသော တစ်ဦးတည်းသော ရှမ်းခေါင်းဆောင်ဟုလည်း ဆိုနိုင်သည်။
.
၁၉၅၈ ခုနှစ် မေလ ၂၁ ရက်တွင် ရှမ်းအရှေ့ မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တစ်နေရာတွင် ရဲရင့်သော လူငယ်စစ်သည်တော်ဟူသည့် အဓိပ္ပာယ်ရသည့် နွမ်စစ်ဟန် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အား ရှမ်းလူငယ် (၃၁)ဦး သစ္စာရေသောက်၍ ဖွဲ့စည်းခဲ့ပြီး အစောဆုံး ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ပေါ်ပေါက်ခဲ့သည်။
.
ဦးစီးသူက စောယန္တခေါ် စဝ်နွဲ့ ဖြစ်သည်။ ထိုအဖွဲ့ပေါ်ပြီး မကြာခင် ၁၉၅၉ တွင် ရှမ်းစော်ဘွားများ အာဏာစွန့်ခဲ့ရပြီးနောက် နွမ်စစ်ဟန်အဖွဲ့သည် ရှမ်းစော်ဘွားများ၏ ထောက်ခံမှု ရခဲ့သည့်အပြင် ရှမ်းပညာတတ် လူငယ်များ လာရောက်ပူးပေါင်းမှု ရရှိခဲ့သည်။
.
လာရောက် ပူးပေါင်းသူ ရှမ်းကျောင်းသား အများစုမှာ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်နေသည့် ကျားဟု အဓိပ္ပါယ်ရသည့် ဆေ အဖွဲ့မှ ဖြစ်သည်။ နိုင်ငံရေး တက်ကြွသည့် ရှမ်းကျောင်းသား (၃၅)ဦးဖြင့် ဆေ အဖွဲ့အား ဖွဲ့စည်းခဲ့ပြီး ၎င်းတို့ အမည်များအားလည်း ဆေ ပါသည့် အမည်များ ပြောင်းလဲမှည့်ခေါ်ခဲ့ကြသည်။
.
ဆေ အဖွဲ့မှ ကျောင်းသားများသည် ၁၉၅၉ ခုနှစ် နှစ်ဦးမှ စ၍ နွမ်စစ်ဟန်နှင့် လာရောက် ပူးပေါင်းခဲ့ကြသည်။ အစောဆုံး နွမ်စစ်ဟန်သို့ ရောက်လာသည့် ကျောင်းသား ၃ ဦးတွင် စဝ်ဆေထင် ပါဝင်ခဲ့သည်။ ထိုကာလတွင်ပင် မိုးဟိန်းခေါ် စဝ်ကွဏ်းဇိဏ်းလည်း နွမ်စစ်ဟန်နှင့် လာရောက်ပူးပေါင်းခဲ့သည့်အချိန်ဖြစ်သည်။ သို့နှင့် နွမ်စစ်ဟန်လည်း တစ်ဖြေးဖြေး အားကောင်းလာခဲ့သည်။
.
သို့သော်လည်း တစ်နှစ်ခန့်အကြာတွင် မြို့ပေါ်မှ ရောက်လာသော ရှမ်းပညာတတ် ကျောင်းသားများ၊ ရှမ်းစော်ဘွားတပ်တွင် လုပ်ကိုင်လာသော စဝ်နွဲ့တို့ကဲ့သို့ မူလ တည်ထောင်သူများ၊ လက်နက်ကိုင် အတွေ့အကြုံရှိသူ လက်တွေ့သမား စဝ်ကွဏ်းဇိဏ်းတို့ကြားတွင် စဥ်းစားလုပ်ကိုင်မှုများ ကွဲပြားလာသည်။
.
သို့နှင့် ၁၉၆၀ ခုနှစ်တွင် ရှမ်းပညာတတ်ကျောင်းသားအများစု ပါဝင်ဖွဲ့စည်းသည့် SSIA (Shan State Independence Army) ပေါ် ပေါက်လာခဲ့သည်။ ထို့အတူ ၁၉၆၀ ခုနှစ် မေလ ၁၁ ရက်တွင် စဝ်ငါးခမ်း (ရှမ်းဘုန်းကြီး ဦးကုန္ဒရ) ဦးစီးသည့် TNA (Tai National Army)ကို ကျိုင်းတုံဒေသတွင် ထူထောင်ခဲ့သည်။ TNA အား နောင်တွင် SNA (Shan National Army)အဖြစ် အမည်ပြောင်းလဲခဲ့သည်။
.
ထို့အတူ စဝ်ကွဏ်ဇိဏ်းကလည်း SNUF (Shan National United Front)ကို ဖွဲ့စည်းခဲ့သည်။ SNA သည် ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်းဒေသတွင်သာ အခြေပြုလှုပ်ရှားခဲ့ပြီး SSIA နှင့် SNUF တို့က သံလွင်မြစ်အနောက်ဖက်သို့ကူးပြီး ရှမ်းပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းသို့ပါ ထိုးဖောက်လှုပ်ရှားခဲ့သည်။ ထိုနှစ်ဖွဲ့သည် နွမ်စစ်ဟန်က ခွဲထွက်ပြီး မဟာမိတ် ဖွဲ့ထားခဲ့ကြသည်။
.
၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးနောက် ၁၉၆၄ ခုနှစ်တွင် မဟာဒေဝီအား နာယကအဖြစ် တင်မြှောက်ပြီး ရှမ်းလက်နက်ကိုင်များ စုစည်း၍ SSA (Shan State Army)ကို ဖွဲ့စည်းရာ SSIA ရော SNUF ပါ ပူးပေါင်းပါဝင်ခဲ့သည်။ စဝ်နွဲ့နှင့် SNA သည် အစောပိုင်းပါဝင်ဆက်စပ်မှုရှိသော်လည်း ၁၉၆၆ နောက်ပိုင်းတွင် ၎င်းတို့ ပါဝင်သည်ကို မတွေ့ရပါ။
.
SSA ဌာနချုပ်အား ရှမ်းအရှေ့တွင်အခြေပြုပြီး ရှမ်းပြည်မြောက်ပိုင်းတွင် ယခင် SSIA မှ ပါဝင်လာသည့် SSA တပ်ဖွဲ့များက လှုပ်ရှားပြီး ရှမ်းပြည်တောင်ပိုင်းတွင် ယခင် SNUF မှ ပါဝင်လာသည့် SSA တပ်များက ဖြန့်ခွဲလှုပ်ရှားခဲ့သည်။ သို့သော် ၁၉၆၉ ခုနှစ်တွင် မိုးဟိန်းသည် SURA (Shan United Revolutionary Army) အမည်ဖြင့် ပြန်လည်ခွဲထွက်ပြီး ဌာနချုပ်ကို ထိုင်းနယ်စပ် ပိန်းလုံတွင် အခြေပြုသည်။
.
SSA တပ်ဖွဲ့များသည် နိုင်ငံရေး ဦးဆောင်မှု ပေးရန် SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ)ကို ၁၉၇၁ ခုနှစ်တွင် ကျေးသီးနယ်၌ ဖွဲ့စည်းခဲ့သည်။ ဥက္ကဌခွန်ကြာနု၊ ဒုဥက္ကဌ ခွန်အုန်းဘောင်၊ အထွေထွေအတွင်းရေးမှူး စဝ်ဆေဝိုင်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး စဝ်ဆေထင်၊ စစ်ဦးစီးချုပ် စိုင်းလှအောင်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။
.
SSA မှ မိုးဟိန်း၏ SURA ခွဲထွက်ပြီးနောက် SSPP/SSA အင်အားစုများသည် ရှမ်းပြည်မြောက်ပိုင်း၌ စုဖွဲ့လှုပ်ရှားခဲ့သည်။ ၁၉၆၈ ခုနှစ်မှ အရှေ့မြောက်နယ်စပ်တွင် အင်အားကောင်းလာသော CPB (ဗမာပြည်ကွန်မြူနစ်ပါတီ)နှင့် တစတစ ထိတွေ့မှုရှိလာပြီး SSPP တွဲဖက် အတွင်းရေးမှူး စဝ်ဆေထင်နှင့် အင်အား (၂၀၀)ခန့်သည် ၁၉၇၃ ခုနှစ် အောက်တိုဘာလတွင် သံလွင်မြစ်အား ဖြတ်ကူး၍ ဝ နယ် ပန်ဆန်းသို့ရောက်ရှိပြီး CPB နှင့် SSPP ဆက်ဆံရေး အစပြုခဲ့သည်။ သို့သော် CPB နှင့် ပေါင်းရေး မပေါင်းရေးနှင့်ပတ်သက်ပြီး SSPP အတွင်း သဘောထား ကွဲလွဲခဲ့သည်။
.
အချို့က တောင်ပိုင်း KNU နယ်မြေရှိ မဒတနှင့် ပူးပေါင်းလိုသည်။ သို့နှင့် SSPP တွင် CPB နှင့် ပူးပေါင်းလိုသည့် ခွန်အုန်းပေါင်၊ စဝ်ဆေထင်၊ စဝ်ဆေလင်းတို့နှင့် CPB နှင့် ပူးပေါင်းရန် ငြင်း ပယ်သည့် ခွန်ကြာနု၊ စဝ်ပွန်တိုင်းတို့ကြား စေ့စပ်မရတော့ပေ။ ခွန်အုန်းပေါင်၊ စဝ်ဆေထင်တို့နှင့် အင်အားအများစုက CPB နှင့် တပ်ပေါင်းစုဖွဲ့၍ ရှမ်းမြောက်တွင် ရပ်တည်ပြီး မပူးပေါင်းလိုသည့် ခွန်ကြာနု၊ စဝ်ပွန်တိုင်းတို့က ထိုင်းနယ်စပ်သို့ ထွက်ခွာသွားကြသည်။
.
နောက်ပိုင်း ခွန်ကြာနုသည် ဥက္ကဌနေရာမှ ဖယ်ရှားခံရပြီး ထိုင်းနိုင်ငံတွင်းသို့ ခိုလှုံသွားသည်။ စဝ်ပွန်တိုင်းကိုမူ ခွန်ဆာအဖွဲ့က လုပ်ကြံခဲ့သည်။ ထိုင်းနယ်စပ်ရှိ SSPP/SSA တပ်များ ခေါင်းဆောင်သည့် စမ်မိန်းနှင့် ပန်းအောင်အားလည်း ခွန်ဆာအဖွဲ့မှ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းကျန်နေသည့် SSPP/SSA တပ်အင်အား (၅၀၀)ခန့်သည် ၁၉၈၄ တွင် မိုးဟိန်း၏ SURA နှင့် ပူးပေါင်းသွားခဲ့သည်။ ရှမ်းအရှေ့တွင် SSPP/SSA လှုပ်ရှားမှု ရပ်တန့်သွားခဲ့သည်။
.
SSPP/SSA ကတော့ ရှမ်းမြောက်တွင် အခြေပြုပြီး CPB တပ်ဖွဲ့များနှင့်တွဲ၍ လှုပ်ရှားခဲ့သည်။ ၁၉၈၄ ခုနှစ် စဝ်ဆေနွံ ကွယ်လွန်ပြီး စိုင်းလိတ် (ကုလား)က ဥက္ကဌတာဝန်ယူပြီး စဝ်ဆေထင်က အထွေထွေအတွင်းရေးမှူးတာဝန် ယူခဲ့သည်။ ၁၉၈၉ ခုနှစ် အရှေ့မြောက် CPB ပြိုကွဲပြီး ကိုးကန့်၊ ဝ အဖွဲ့များ အပစ်ရပ်ခဲ့သည့် မရှေးမနှောင်းတွင် SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ဆေထင် ဦးစီးသည့့် SSPP/SSA အင်အား ၂ ထောင်ကျော်ခန့်သည် ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် အပစ်ရပ်သည်။
.
နဝတ အစိုးရက ရှမ်းအထူးဒေသ ၃ ဟု သတ်မှတ်ပေးခဲ့သည်။ အပစ်ရပ်ရာတွင် ဥက္ကဌဖြစ်သူ စိုင်းလိတ် မပါခဲ့ဘဲ နောက်ပိုင်းတွင် စိုင်းလိတ်သည် MTA သို့ ရောက်ရှိသွားပြီး ကွယ် လွန်သွားခဲ့သည်။
.
အပစ်ရပ်ကာလတွင် SSPP နာယက အဖြစ် တာဝန်ယူထားသည် စဝ်ဆေထင်သည် ရှမ်းပြည်နိုင်ငံရေး လှုပ်ရှားမှုတွင် ဆက်လက် ပါဝင်ခဲ့သည်။ နဝတ က ပြုလုပ်သည့် အမျိုးသားညီလာခံတွင် ရှစ်ပြည်နယ်မူကို ရပ်ခံပြီး ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်တော့သည့် အခြေအနေတွင် ရှမ်းအမျိုးသားနိုင်ငံရေးအတွက် SSPP/SSA၊ SNLD ပါတီနှင့် ရှမ်းမျိုးဆက်သစ်များစုပေါင်း၍ ရှမ်းအတိုင်ပင်ခံကောင်စိီအား ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။
.
ထို့ကြောင့် နအဖက ပြည်ထောင်စု ပြိုကွဲရန် ကြံစည်သည်ဟု စွဲချက်တင်ပြီး အများအပြား ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည်။ စဝ်ဆေထင်အား အများဆုံးအနေနှင့် ထောင်ဒဏ် (၁၀၆)နှစ် ချမှတ်ပြီး ခန္တီးထောင်သို့ ပို့ဆောင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ အကုန် ၂၀၁၂ နှစ်ဆန်းမှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
.
စဝ်ဆေထင် ပြန်လွတ်လာချိန်တွင် SSPP/SSA သည် အကွဲအပြဲနှင့် ရုန်းကန်နေရချိန်ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် နအဖက SSPP/SSA အား ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးရာ တပ်မဟာ ၃ က စိန်ဂျော့ ပသစအဖြစ်လည်းကောင်း၊ တပ်မဟာ ၇ က ကာလိ ပသစအဖြစ်လည်းကောင်း ပြောင်းလဲသွားကြသည်။ သို့သော် စဝ်ပန်ဖဦးစီးသည့့် ဝမ်ဟိုင်းအခြေပြု တပ်မဟာ ၁ ကတော့ ပသစအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းကို လက်မခံဘဲ SSPP အဖြစ် ဆက်လက်ရပ်ခံသဖြင့် အစိုးရနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားသည်။
.
SSPP နှင့် ဦးသိန်းစိန် အစိုးရကြား ၂၀၁၂ ခုနှစ်တွင် အပစ်ရပ် လက်မှတ် ထိုးခဲ့ကြသော်လည်း ၂၀၁၅ ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။ တစ်ဖက်ကလည်း အင်အားချိနဲ့သွားသော SSPP/SSA အား စဝ်ပန်ဖက ဥက္ကဌအဖြစ် တာဝန်ယူပြီး ပြန်လည်တည်ဆောက်ရသည်။ SSPP/SSA သည် ရှမ်းပြည်မြောက်ပိုင်းတွင် အခြေပြု၍ သူ့အင်အားနှင့် ထိန်းချုပ်နယ်မြေကို တည်ဆောက်သည်ကို တွေ့ရသည်။ ထိုကာလများတွင် ထောင်က ပြန်လွတ်လာသော စဝ်ဆေထင်သည် ရှမ်းနိုင်ငံရေးမှ ဘေးထွက်မသွားပေ။ ရှမ်းလက်နက်ကိုင်တော်လှန်မှုမှ ဘေးထွက်မသွားပေ။
.
SSPP သို့ ပြန်လည်ရောက်ရှိပြီး နာယကအဖြစ် ဆက်လက် တာဝန်ယူသည်မှာ ယနေ့အထိဖြစ်သည်။ ထို့အပြင် SSPP/SSA သည် တဖြေးဖြေးပြန်လည် အားကောင်းလာသည်ကို ယနေ့ကာလတွင် တွေ့မြင်ရပေသည်။
.
ပုဂ္ဂိုလ်ရေးအရ ပြောလျှင် ၁၉၈၅ ခုနှစ်ခန့်က အရှေ့မြောက် နယ်စပ်တစ်နေရာတွင် စဝ်ဆေထင်အား မိမိစတင် တွေ့ဆုံဖူးသည်။ အလွတ်တွေ့ဆုံပြောဆိုကြသော စကားဝိုင်းတွင် သူနှင့်အချေအတင် ငြင်းခုံသူက စိုင်းအောင်ဝင်း(CPB) ဖြစ်သည်။ ရှမ်းအချင်းချင်းဆိုတော့ အားမနာတမ်း ပွင့်ပွင့်လင်းပြောဆိုကြသည်။ စိုင်းအောင်ဝင်းက သူ့အကျင့်အတိုင်း ဒေါသတကြီး အော်ဟစ်ငြင်းခုံသည်။ စဝ်ဆေထင်ကတော့ ပြုံးပြုံး ပြုံးပြုံးဖြင့် နားထောင်ပြီး လေပြေလေးဖြင့် တခစ်ခစ်ရီမောရင်း အချက်အလက်ကျကျ ပြောဆိုချေပသည်။ သူဒေါသထွက်သည်ကို မတွေ့ရပေ။ အတော်ငြိမ်၍ အေးဆေးသည်။
.
သူနှင့်တွေ့သည့် နောက်ဆုံးအကြိမ်က ၂၀၁၈ ခုနှစ် တတိယအကြိမ် (၂၁)ပင်လုံညိီလာခံတွင်ဖြစ်သည်။ ယခင်အတိုင်းပင် တပြုံးပြုံးဖြင့် လေပြေလေးနှင့်သာ သူပြောစရာရှိသည်ကို တခစ်ခစ်ရီမော၍ ပြောနေဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း ဝမ်ဟိုင်းတွင် ပြုလုပ်သည့် SSPP အခမ်းအနားတစ်ခု ဓာတ်ပုံတွင် အပြုံးမပျက်သည့်သူအား တုတ်ကောက် တစ်ချောင်းနှင့် တွေ့လိုက်ရသည်။
.
လူပုဂ္ဂိုလ်တစ်ယောက်အနေနှင့် စဝ်ဆေထင်သည် အားနည်းချက်များ ရှိနိုင်ပါသည်။ သို့သော် သူသည် ရှမ်းလက်နက်ကိုင် ပုန်ကန်မှုအစ နွမ်စစ်ဟန်ခေတ်ကာလကထဲက ပါဝင်ခဲ့သူဖြစ်သည်။ ရှမ်းလက်နက်ကိုင်တော်လှန်မှုတွင် အနှစ် (၆၀)ကျော် ပါဝင်ခဲ့သူဖြစ်သည်။ ထောင်ဒဏ် နှစ်တစ်ရာကျော် ကျခံခဲ့ဖူးသူဖြစ်သည်။ ယခုအခါ အသက် (၈၀)ကျော်ပြီဖြစ်သဖြင့် သူ၏ လှုပ်ရှားနိုင်စွမ်း၊ လုပ်နိုင်စွမ်းတို့ လျော့ကျနိုင်ပါသည်။ သို့သော် သူသည် SSPP/SSA သမိုင်းနှင့် ခွဲရသူတစ်ယောက် မဟုတ်ပေ။ SSPP/SSA နှင့် ရှမ်းလက်နက်ကိုင် တော်လှန်မှု၏ နတ်နေကိုင်းမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
.
စဝ်ဆေထင်သည် (၆၃)နှစ် ကြာမြင့်ပြီဖြစ်သော ရှမ်းလက်နက်ကိုင် တော်လှန်ရေးနှင့် SSPP/SSA တို့နှင့် ပတ်သက်လျှင် တစ်ဦးတည်းသော သက်ရှိ သမိုင်းစာအုပ်လည်း ဖြစ်ပေသည်။