ကမ္ဘာ့ လူ့အခွင့်အရေးနေ့၌ ပြုလုပ်မည့် အသံတိတ်သပိတ် (Silent Strike)တွင် ပါဝင်ကြရန် တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ယနေ့ ဒီဇင်ဘာလ ၉ ရက်တွင် မေတ္တာရပ်ခံ ပန်ကြားစာ ထုတ်ပြန်ခဲ့သည်။
.
လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့သည် "ကမ္ဘာ့လူ့အခွင့်အရေးနေ့" ဖြစ်ပြီး အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများ ကြုံတွေ့ ခံစားနေကြရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ထုတ်ဖော်ပြသသည့် အနေဖြင့် အသံတိတ်သပိတ် "Silent Strike"ကို တစ်နိုင်ငံလုံးတွင် ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့၌ ကျောင်းသား/ကျောင်းသူ၊ မိဘပြည်သူများ အနေဖြင့် ဒီဇင်ဘာလ ၁၀ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ လမ်းများပေါ်တွင် သွားလာ လှုပ်ရှားခြင်း၊ ကားများ ပြေးဆွဲခြင်း၊ ဆိုင်များ ဖွင့်လှစ်ခြင်း မပြုကြရန်နှင့် အနက်ရောင် အဝတ်အစားများ ဝတ်ဆင် သုံးစွဲကာ လက်သုံးချောင်းထောင်၍ ဓါတ်ပုံမှတ်တမ်းတင်ကာ မျှဝေ ထုတ်ဖော်ကြရန် မေတ္တာရပ်ခံကြောင်း တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ပန်ကြားထားခြင်း ဖြစ်သည်။
.
ထို့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း အသံတိတ်သပိတ် "Silent Strike"တွင် ပါဝင်ကြရန် လူငယ်များက အသိပေး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။