နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ပြစ်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်၍ လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် ယင်းကဲ့သို့ စစ်ကောင်စီ၏ ဆောင်ရွက်ချက်များကြောင့် နိုင်ငံရေး ပြဿနာများကို အဖြေရှာနိုင်ရေးအတွက် ပိုမို အလှမ်းဝေးစေသည်ဟု ယူဆကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင် ဦးနိုင်အောင်မင်းက ပြောဆိုသည်ဟု သိရသည်။
.
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၂၂/၂၀၂၁) နိဂုံးချုပ် မိန့်ခွန်းတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့သည်ဟု NCA-S EAO က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့သည့် အပေါ် ကန့်ကွက်ရှုံ့ချသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၂၂/၂၀၂၁) ကို ဒီဇင်ဘာလ ၆ ရက်မှ ၇ ရက်အထိ Video Conferencing ဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။