စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုးတို့ကို ချုပ်ငြိမ်းစေပြီး ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း တည်ဆောက်နိုင်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ခံယူ၍ ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံးက ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုနှင့်အတူ အတူလက်တွဲ ဖော်ဆောင်ပေးရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ကြေညာချက် ထုတ်ပြန်၍ ပန်ကြားခဲ့သည်။
.
၇၂ နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုး ဆန့်ကျင်တော်လှန်ရေးနေ့ အဖြစ် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်ဖြင့် ပအိုဝ်းအမျိူးသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအဝင် ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံးကို ရည်ရွယ် ပန်ကြားခဲ့ခြင်း ဖြစ်သည်။
.
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)သည် NCA လက်မှတ် ရေးထိုးထားသော ရှမ်းပြည်နယ်တောင်ပိုင်း၌ အခြေပြု လှုပ်ရှားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။