ပြည်သူလူထုများ အနေဖြင့် စစ်ကောင်စီ လက်အောက်ခံ တပ်သားများ၊ ဒလန်၊ သူလျှိုများနှင့် အတူ နေထိုင်ခြင်း၊ အနီးကပ်သွားလာ လှုပ်ရှားခြင်များကို ရှောင်ကျဉ်ရန် ရှမ်းတောင် PDF အဖွဲ့များက ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်၍ မေတ္တာရပ်ခံထားသည်။
.
ရွာငံ မြို့ပြပျောက်ကျားတပ်ဖွဲ့၊ တောင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အေးသာယာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေညောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်း၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ အနီးရှိ စစ်ကောင်စီ လက်အောက်ခံ သမဝါယမ ကော်ဖီစက်ရုံအား ဒီဇင်ဘာလ ၂၂ ရက်၊ ညနေပိုင်းတွင် စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပြီး ယင်းကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် နွားဘန်းကြီးကျေးရွာမှ ဒလန်ဟုကျော်စောသူ အုပ်ချုပ်ရေးမှူး ဦးမျိုးလေးကိုလည်း သုတ်သင် ရှင်းလင်းခဲ့ကြောင်းကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
.
အဆိုပါ တိုက်ခိုက်မှုများ အပြီး ဒီဇင်ဘာလ ၂၃ ရက်၊ ညပိုင်းတွင် နွားဘန်းကြီးကျေးရွာသို့ စစ်ကောင်စီ တပ်ဖွဲ့များ လာရောက်၍ ကျေးရွာနေ ဒေသခံ ပြည်သူများအား စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျေးရွာနေပြည်သူ အချို့မှာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။