မုံးကိုးဒေသတွင် ကျဆုံးခဲ့သည့် MNDAA သူရဲကောင်း စစ်သည်များအတွက် ဂါရဝပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်းနှင့် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းစဉ်ကို ဒေသခံပြည်သူလူထု အားလုံးနှင့်တကွ ဆက်လက်ပြီး တော်လှန်ရေး အောင်မြင်သည်အထိ လုပ်ဆောင်သွားမည်ဟု ယနေ့ ဒီဇင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်သည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်က ဖြစ်ပွားခဲ့သော စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့၏ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် သူရဲကောင်း စစ်သည်များအတွက် ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားတွင် ခုခံကာကွယ် စစ်ပွဲတွင် ကျဆုံးသော သူရဲကောင်းများ၏ ပေးဆပ်စွန့်စားရဲသော သတ္တိနှင့် တော်လှန်ရေး လမ်းစဉ်တွင်အားကြိုးမာန်တက်ဖြင့် ထူးချွန်ထက်မြက်စွာ ရယူသော အဆင့်ကို အလေးပြုခြင်း၊ ၃ မိနစ်ခန့်ကြာ ငြိမ်သက်စွာ အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေ ချခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
.
ခရိုင်ကော်မတီဝင် ဒုဥက္ကဌက ကျဆုံးသောသူရဲကောင်းများအတွက် ဂုဏ်ပြုစာနှင့် ဝမ်းနည်းစာများ ဖတ်ကြားခဲ့ရာ ယင်းဝမ်းနည်းစာတွင် " သူရဲကောင်းတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်နိုင်ရေး၊ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အထူးဒေသ(၁)၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် စသည့်တို့ ရရှိနိုင်ရေးအတွက် ကိုယ်ကျိုးမဖက် ပေးဆပ် စွန့်စားရဲသည့် စိတ်ဓာတ်ကို သတိရပြီး ၎င်းတို့သည် သမိုင်းထဲတွင် မှတ်ကျောက်တင် ခံရမည်" ဟု ပါရှိကြောင်း သိရသည်။
.
စစ်ကောင်စီ တပ်များသည် မုံးကိုးဒေသရှိ MNDAA တပ်များကို ဩဂုတ်လမှ စတင်၍ ကြည်းတပ်၊ လေတပ်များ အသုံးပြု၍ အကြိမ်ကြိမ် ထိုးစစ်ဆင်နေပြီး တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ဆောင်ရွက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်များအရ သိရသည်။