တောင်ကြီးမြို့၌ ဆိုင်ကယ် သူခိုးများ သောင်းကြမ်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၌ ဆိုင်ကယ် သူခိုးများ သောင်းကြမ်းနေ


စစ်အာဏာ သိမ်းပြီး နောက်ပိုင်း တစ်လခန့် အကြာမှ စတင်၍ နေ့စဉ် နီးပါး စစ်ဆေး/ဖမ်းဆီးမှုများ အဆက်မပြတ် ပြုလုပ်နေသည့် တောင်ကြီးမြို့၌ ယခု ရက်ပိုင်းအတွင်း ဆိုင်ကယ် သူခိုးများ သောင်းကြမ်းနေသည်ဟု သိရသည်။

.

ယင်းကဲ့သို့ မော်တော်ဆိုင်ကယ်များ ယခု ရက်ပိုင်းအတွင်း ဆက်တိုက် ပျောက်ဆုံးနေခြင်း အပေါ် ဒေသခံပြည်သူများက ပြစ်တင် ဝေဖန်နေကြသည်။

.

" နေ့တိုင်းလိုလိုပဲ ပျောက်နေတာ။ ကိုယ့် အိမ်မှာ ထားလည်း မရ၊ ခြံထဲ ထားလည်း မရနဲ့ တော်တော်ကို သောင်းကြမ်းနေတာ။ သူခိုးပုံတွေကို CCTV နဲ့ တွေ့လည်း ဘာမှ လုပ်မရဘူး။" ဟု ‌အမည် မဖော်လိုသူ တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။

.

စစ်ကောင်စီအား ဆန့်ကျင်သည် ဆိုသော စွပ်စွဲချက်ဖြင့် တောင်ကြီးမြို့နေ ပြည်သူ အများအပြားကို စစ်ကောင်စီက ဖမ်းဆီးနေသော်လည်း ယင်း ဆိုင်ကယ် ခိုးယူသူများကိုမူ ဖမ်းဆီးနိုင်သေးခြင်း မရှိကြောင်း သိရသည်။

.

" ဆန္ဒ ပြခဲ့တဲ့ သူတွေရော၊ CDM ဝန်ထမ်းတွေရောကို အပြစ် မရှိ အပြစ် ရှာပြီး ဖမ်းနေကြတာ။ တစ်မြို့လုံး အဖမ်းမခံရတဲ့ မိသားစုရယ်ဆိုတာ ရှိတောင် ရှိမယ် မထင်ဘူး။ အဲလောက် အဖမ်း များတဲ့ မြို့မှာ ဆိုင်ကယ်သူခိုးကြတော့ ဖမ်း မမိဘူးတဲ့ဗျာ။" ဟု မြို့ခံ တစ်ဦးကလည်း ပြောသည်။

.

အဆိုပါ မော်တော်ဆိုင်ကယ်များ ခိုးယူခံနေရသည့် အခြေအနေနှင့် ပတ်သက်၍ တာဝန် ရှိသူများထံ မေးမြန်းလိုသော်လည်း သတင်းမီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သတင်းရယူ ဖော်ပြခွင့် ဆုံးရှုံးနေရသည့် အခြေအနေကြောင့် မေးမြန်းခွင့် မရခဲ့ပေ။

.

မော်တော်ဆိုင်ကယ်များ ပျောက်ဆုံး ခိုးယူခံရမှု မဖြစ်စေရန်အတွက် မည်သည့် နေရာတွင် မဆို ဆိုင်ကယ် ရပ်တိုင်း သံကြိုးဖြင့် သော့ခတ်ခြင်း၊ အချက်ပေးကိရိယာ တပ်ဆင်ခြင်းနှင့် GPS တပ်ဆင်ခြင်းများ ပြုလုပ်ရန် လိုအပ်မည်ဟု အကြံပြု ပြောဆိုမှုများ ရှိသည်။

.

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာရုံးများ အခြေစိုက်သည့် မြို့ ဖြစ်သည်။

Journal Download

Photo of three cats