တောင်ကြီးမြို့နယ်အတွင်းရှိ ဈေးများတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်အတွင်းရှိ ဈေးများတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပေး


တောင်ကြီးမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးရောင်းချသူများအား COVID-19 ကာကွယ်ဆေးများကို ယနေ့ ဒီဇင်ဘာလ ၃ ရက်မှ ၄ ရက်အထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

.

ထိုသို့ ထိုးနှံပေးရာတွင် တောင်ကြီးမြို့မဈေးနှင့် မီးပုံးပျံကွင်း ပျံကျဈေးများမှ ဈေးရောင်းချသူများကို ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် ထိုးနှံပေးလျက်ရှိပြီး အမှတ် (၅) ဈေးနှင့် စဝ်စံထွန်းဈေးအတွင်း ဈေးရောင်းချသူများကို ဒီဇင်ဘာလ ၄ ရက်တွင် ထိုးနှံပေးသွားမည်ဖြစ်ကာ စုစုပေါင်း လူဦးရေ ၁၆၀၀ ဦးခန့်ကို ထိုးနှံပေးရန် လျာထားကြောင်း သိရသည်။

.

“မြို့ပေါ်မှာရှိတဲ့ ဈေးတွေမှာ ထိုးပေးနေတာပါ။ မြို့မဈေးတို့၊ မီးပုံးပျံကွင်းယာယီဈေးတို့ပေါ့။ မနက်ဖြန်ဆိုရင် အမှတ် (၅) ဈေးတို့၊ အေးသာယာဈေး၊ ရွှေညောင်ဈေးတို့မှာ ထိုးဖို့ရှိပါတယ်။ ဈေးသူ၊ ဈေးသားတွေ၊ နောက်ပြီး ရပ်ကွက်ထဲမှာ ဈေးရောင်းတဲ့သူတွေကို ထိုးပေးနေတာပါ” ဟု တောင်ကြီးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

“တချို့က ဆေး ၂ ကြိမ်ထိုးပြီးသား ၃ ကြိမ်မြောက် လာထိုးတာမျိုးလည်း ရှိတတ်လို့ အဲဒါမျိုး မဖြစ်အောင်လည်း ကွန်ပျူတာစနစ်နဲ့ သေချာစိစစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီက ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံဆောင်ရွက်ပေး နေခြင်း ဖြစ်ပြီး ယခုအခါ ဈေးများတွင် လိုက်လံထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats