ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ ဒီဇင်ဘာ ၂၄ ရက်က အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရသူ ၃၀ ဦးကျော်၏ ရုပ်အလောင်းများကို ပြည်နယ်တွင်း တစ်နေရာတွင် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
.
မိုဆိုကျေးရွာ အနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ကြသည့် ဒေသခံပြည်သူ ၃၀ ဦးကျော်သည် စစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်မှုကို ခံရခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ထုတ်ပြန်ခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်မှုအပေါ် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အဖွဲ့အစည်း အသီးသီးက ကန့်ကွက် ရှုတ်ချပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။
.
အဆိုပါ မီးရှို့သတ်ဖြတ်ခံရသူ လူပေါင်း ၃၀ ကျော်တွင် ၎င်းတို့ ဝန်ထမ်း ၂ ဦး ပါဝင်ကြောင်း Save the Children က အတည်ပြုထားသည့်အပြင် UNICEF ကလည်း မီးရှို့သတ်ဖြတ်ခံရသူများတွင် ကလေးငယ် ၄ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။