ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ ယမန့်နေ့ ဒီဇင်ဘာလ ၂၄ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဒေသခံများကို စစ်ကောင်စီ တပ်၏ ဖမ်းဆီးမှုခံရပြီး မီးရှို့သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ထုတ်ပြန်သည်။
.
" မနေ့ည ဖမ်းဆီးခံရတဲ့ ရွာသား အမျိုးသမီး ကလေးသူငယ်တွေ အားလုံး ကားနှင့်တကွ စစ်ကောင်စီက မီးရှို့ သတ်ဖြတ်လိုက်ပါပြီ။ မိသားစုတွေ အားလုံးအတွက် စိတ်မကောင်းပါဘူး။အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်က တနေ့ တခြား ယုတ်မာလာတယ်။ မိမိတို့ အတည်ပြုချက်အရ အလောင်း ၃၀ ထက်မနည်း သေဆုံးသွားတယ်။ " ဟု PKPF သတင်းနှင့် ပြန်ကြားရေးဗျူရိုက ထုတ်ပြန်သည်။
.
ထို့အတူ KNDF ကလည်း သတ်ဖြတ် မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခြင်းကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်း အတည် မပြုနိုင်သေးဘဲ အသတ်ခံရသော ပြည်သူများမှာ စစ်ရှောင်ရင်း လမ်းခုလပ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ၏ ရက်စက်စွာ သတ်ဖြတ်ခံရခြင်း ဖြစ်ကာ အပြစ်မဲ့ ပြည်သူများကို အစုလိုက် အပြုံလိုက် အကြောင်းမဲ့ သတ်ဖြတ်မှုသည် လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှု ဖြစ်သည်ဟု ထုတ်ပြန်သည်။
.
အဆိုပါ မီးရှို့ခံရသည့် အထဲတွင် ကား ၃ စီးနှင့် အသက် မပြည့်သေးသော ဒေသခံ ကလေးငယ် အပါအဝင် အယောက် ၃၀ ထက်မနည်း ပါရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
.
ထို့အပြင် ဖမ်းဆီးခံရသည့် ပြည်သူများကို ပြန်လွတ်ပေးရန် တောင်းဆိုခဲ့သည့် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးကာ လက်ပြန်ကြိုးတုတ်ပြီး ပစ်သတ်ခဲ့ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။