ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင်သည် ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်၊ ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
.
တာမိုးညဲ၊ မုံးစီးဘက်တွင် ကာကွယ်ဆေး သွားရောက် ထိုးနှံပြီး အပြန် အမည်မသိလက်နက်ကိုင် အဖွဲ့က မော်တော်ယာဉ်အား တား၍ သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ဖြစ်သွားတာက မော်ဟန်ရွာအထွက် လွယ်ကန်ရွာနားလို့ ပြောတယ်။ သူ့ယာဥ်မောင်းနဲ့ သူ့ဝန်ထမ်းတွေကိုတော့ ခေါင်းငုံ့ခိုင်းပြီးတော့ သူ့ကိုပဲ လုပ်သွားတာ။ ချိန်ပြီး ပစ်သွားတာ။ သူ့ခေါင်းတွေ မေးရိုးတွေတောင် မရှိတော့ဘူး။ မျက်နှာတောင် မမှတ်မိတော့ဘူးတဲ့။ ပေါက်ပြဲပြီးတော့ ဘာမှ ရစရာ မရှိဘူး” ဟု မြို့ခံ တစ်ဦးက ရွှေဖီမြေသို့ ပြောသည်။
.
အဆိုပါ ပစ်ခတ်မှုကို မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးဘဲ ဒေါက်တာ ဝင့်ဝင့်မြိုင်သည် အသက် ၅၀ ခန့်ရှိပြီး ကွတ်ခိုင်ဆေးရုံ၌ တာဝန် ထမ်းဆောင်သည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း သိရသည်။