စစ်ကောင်စီ ဖွင့်လှစ်သည့် ဆေးပညာသင်တန်း တက်နေသူများကို တောင်ကြီးဆေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက အမည်ပျက်စာရင်း ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ ဖွင့်လှစ်သည့် ဆေးပညာသင်တန်း တက်နေသူများကို တောင်ကြီးဆေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက အမည်ပျက်စာရင်း ကြေညာ

စစ်ကောင်စီမှ ဖွင့်လှစ်သည့် ဆေးပညာသင်တန်းများကို တက်ရောက်နေသူ အားလုံးအား တောင်ကြီးဆေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက အမည်ပျက်စာရင်း ကြေညာသည်ဟု ယနေ့ ဒီဇင်ဘာလ ၂၆ ရက်တွင် ယင်းကောင်စီက ထုတ်ပြန်သည်။

.

စစ်အာဏာရှင်ကို တွန်းလှန် တိုက်ပွဲ ဝင်နေကြသော တော်လှန်ရေး ညီအစ်ကိုများ၊ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့ရသော နွေဦးတော်လှန်ရေး အာဇာနည်များ၊ မတရား ဖမ်းဆီး ခံထားရသော ကျောင်းသား ပြည်သူများ၊ မိမိ၏ နေရပ်ကို စွန့်ခွာ စစ်ရှောင်နေရသော တိုင်းရင်းသားပြည်သူ မောင်နှမများ၏ မျက်နှာကိုမျှ မထောက် စာနာမှု ကင်းမဲ့စွာ မိမိ ကိုယ်ကျိုးအတွက် စစ်ကောင်စီမှ ဖွင့်လှစ်သော နောက်ဆက်တွဲနှင့် ဘွဲ့ကြိုသင်တန်းများကို အပ်နှံ တက်ရောက်သူများ ရှိသည့်အတွက် ယင်းကဲ့သို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီမှ ဖွင့်လှစ်သည့် ဆေးပညာသင်တန်းများ၌ ဖြေဆိုမည့် စာမေးပွဲရလဒ်များကို လုံးဝ အသိအမှတ် ပြုမည် မဟုတ်ဘဲ ယာယီတက္ကသိုလ်ကောင်စီမှ ပြုလုပ်မည့် ပညာရေး အစီအစဉ်များ၊ စာမေးပွဲများတွင် ပါဝင်ခွင့်အား ကန့်သတ်မည် ဖြစ်ကြောင်းနှင့် ကြားကာလ ပညာသင်ကြားရေး အစီအစဉ်ကို မကြာခင် ထုတ်ပြန်မည်ဟုလည်း ဖော်ပြ ပါရှိသည်။

.

ထို့အပြင် အမည်ပျက်စာရင်းတွင် ပါရှိသော ကျောင်းသားများနှင့် ပတ်သက်သည့် လူမှုရေးပြစ်ဒဏ်များ၊ ပြဿနာများကို ယာယီတက္ကသိုလ်ကောင်စီမှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ဘဲ တော်လှန်ရေးကာလ ပြီးဆုံးသည့်အခါ စိစစ် အရေးယူမည်ဟုလည်း ဖော်ပြ ပါရှိသည်။

.

စစ်ကောင်စီမှ ဖွင့်လှစ်သည့် ဆေးပညာသင်တန်း တက်ရောက်နေသူများမှာ နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း(က) (နောက်ဆက်တွဲ) သင်တန်း၌ ၂ ဦး၊ တတိယနှစ် အမ်ဘီဘီအက်စ် (နောက်ဆက်တွဲ) သင်တန်း၌ ၁၀ ဦး၊ ဒုတိယနှစ် အမ်ဘီဘီအက်စ် (၁၂/၂၀၁၈) သင်တန်း၌ ၉ ဦး၊ စုစုပေါင်း ၂၁ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats