သံလွင်သွေးချင်း အယ်ဒီတာချုပ် မြဝန်းရံထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သံလွင်သွေးချင်း အယ်ဒီတာချုပ် မြဝန်းရံထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ


ရှမ်းပြည်နယ်အခြေစိုက် သံလွင်သွေးချင်း သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သူ မြဝန်းရံကို ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့‌ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်၊ ည ၇ နာရီခန့်က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော မြဝန်းရံသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် တရားစွဲဆို ခံရပြီးနောက် ၅ လခန့် အကြာတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။

.

ထို့အပြင် လူ့အခွင့်အရေးနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်တွင်လည်း ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နှင့် မိသားစုဝင် စိုင်းစည်သူတို့သည်လည်း ၅၀၅-က ၏ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရကာ ရွှေဖီမြေသတင်းအေဂျင်စီမှ ရုပ်သံသတင်းထောက် လွေးအမ်ဖောင်မှာလည်း လားရှိုးမြို့မရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။

.

ထို့အတူ တာချီလိတ်သတင်းအေဂျင်စီကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခဲ့သည်။

.

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် သတင်းသမား စုစုပေါင်း ၁၁၄ ဦးခန့် ဖမ်းဆီးခံခဲ့ရကာ ယင်းအနက် ၄၃ ဦးခန့်သည် ဖမ်းဆီးချုပ်‌နှောင်ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats