ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံးထောင်) ၌ ဖမ်းဆီးခံထားရသူ ၃၀ ဦးကျော်ကို ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ထောင်တွင်း တရားရုံး အသီးသီးက ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
.
စစ်အာဏာရှင်အား ဆန့်ကျင်သည်ဟု စွပ်စွဲ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)၊ ၅၀၅-က၊ ၅၀၅-ခ ၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၄ တို့ဖြင့် တရားစွဲဆို ခံထားရသည့် အမှုတွဲ ၂၀ ကျော်မှ ၃၀ ဦးကျော်ကို အပြီးသတ် အမိန့်များ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
" ထောင်ထဲမှာ မြို့နယ်အလိုက် တရားခွင်တွေ ရှိတယ်။ သူ့ တရားခွင်အလိုက် အမိန့် ချကြတာ။ တရားသူကြီး အပေါ် မူတည်ပြီး ထောင်ဒဏ်က ကွာကြတယ်။ အများစုကတော့ ၂ နှစ် ကျကြတယ်။ ဝန်ကြီး ဦစိုးညွန့်လွင်က အများဆုံးပဲ အမှု ၅ ခုအတွက် ၃၈ နှစ်၊ အဂတိအမှုတွေ ကျန်သေးတယ်။" ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
.
ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံးထောင်) တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် အပါအဝင် နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပုဒ်မများဖြင့် ဖမ်းဆီးချုပ်နှောင် ခံထားရသူ အချို့မှာ လက်ရှိတွင် အမှု ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ၎င်းတို့ကိုလည်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမိန့် ချမှတ်ဖွယ် ရှိသည်ဟု သိရသည်။