သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နှင့် သဘာဝဘေးပုဒ်မ ၂၅ ဖြင့် စွဲဆိုထားသော အမှုများအတွက် ယနေ့ ဒီဇင်ဘာလ ၆ ရက် ရုံးချိန်းတွင် ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
.
ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့အား ထောင်ဒဏ် ၂ နှစ်စီ၊ ဒေါ်အောင်ဆန်းစုကြည် အား စွဲဆိုထားသော သဘာဝဘေးပုဒ်မ ၂၅ အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ဦးဝင်းမြင့် အား စွဲထားသော သဘာဝဘေးပုဒ်မ ၂၅ အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ စသည်ဖြင့် အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် အမှု ၂ ခုအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရပြီး ဖြစ်ကာ ကျန်ရှိသော အမှုများအနက် ၉ မှုမှာ စစ်ဆေးနေဆဲ ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မများနှင့် ရဟတ်ယာဉ်ငှားရမ်း၊ ဝယ်ယူခြင်းများနှင့်ပတ်သက်၍ အဂတိအမှု ပုဒ်မများကိုမူ စစ်ဆေးခြင်း မရှိသေးပေ။
.
ယင်းကဲ့သို့ ထောင်ဒဏ်ချမှတ်မှု အပေါ် စစ်ကောင်စီ ဥက္ကဌက ဒီဇင်ဘာ ၆ ရက်၊ ညပိုင်းတွင် ပြစ်ဒဏ်၏ တစ်ဝက်ကိုသာ ကျခံစေရန် အမိန့်ထုတ်ပြန်ခဲ့သည်။