ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ဖက်ခြမ်း ထီးမယ်ဝါးခီးကျေးရွာ အနီးတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တိုက်ပွဲသတင်း ရယူနေသော ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ အေစိုင်းကေ သည် လက်နက်ကြီး ကျည် ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
.
အသက် ၃၈ နှစ်အရွယ် အောင်ပန်းမြို့ ဇာတိ ဖြစ်သူ (ခ) စိုင်းဝင်းအောင် သည် သတင်း လုပ်ငန်းများ လုပ်ကိုင်နေစဉ် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ကွယ်လွန်ခဲ့ရခြင်း ဖြစ်ကာ ၎င်း၏ ဈာပနကို ယနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်းနှင့် စစ်ကောင်စီ တပ်၏ ပစ်ခတ်မှုကြောင့် အခြားသူများလည်း ထိခိုက် ဒဏ်ရာ ရမှုများ ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်က ငြိမ်သက်ခြင်းသပိတ်အား ဓာတ်ပုံ ရိုက်ကူးမှုကြောင့် ဖမ်းဆီးခံရသည့် အလွတ်တန်းဓာတ်ပုံ သတင်းထောက် ကိုစိုးနိုင် သည်လည်း စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။
.
အာဏာသိမ်း စစ်ကောင်စီသည် သတင်းသမား များကို ပုဒ်မ မျိုးစုံဖြင့် တရားစွဲဆို၊ ဖမ်းဆီးနေလျက် ရှိရာ လက်ရှိတွင် ဖမ်းဆီးခံထားရပြီး အမှု ရင်ဆိုင်နေရသည့် သတင်းသမား ၄၀ ဦးခန့်၊ ထောင်ဒဏ်ချမှတ် ခံထားရသည့် သတင်းသမား ၇ ဦးခန့်၊ သေဆုံးသူ ၂ ဦးနှင့် ဖမ်းဝရမ်း ထုတ်ခံထားရသည့် သတင်းသမား အများအပြား ရှိနေသည်။