နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲထားသည့် အမှုများ အနက် ၂ ခုကို နေပြည်တော် တရားရုံးက ယနေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် အမိန့် မချဘဲ ဇန်နဝါရီလ ၁၀ ရက်သို့ ဒုတိယအကြိမ် ထပ်မံ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ အမှုများမှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ဖေဖော်ဝါရီလ ၁ ရက်က ဝင်ရောက်စီးနင်းစဉ် သက်တော်စောင့်၊ ဂိတ်ကင်း၊ ကိုယ်ရေးအရာရှိအဆောင်တို့တွင် စကားပြောစက်များနှင့် Jammer တွေ့သည်ဟု အကြောင်းပြကာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ - ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၇ ဖြင့် စွဲဆိုထားသည့် အမှုများ ဖြစ်ကြောင်း သိရသည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရနိုင်သည့် အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုဖြင့် ဖမ်းဆီးတရားစွဲ ခံထားရသည်။
.
ယင်းအမှုများအနက် ဒီဇင်ဘာ ၆ ရက်က သဘာဝဘေးစီမံ ဥပဒေ ပုဒ်မ - ၂၅ နှင့် ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ) အမှုများအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရပြီး နာရီပိုင်း အကြာတွင် စစ်ကောင်စီက ၂ နှစ် ပြန်လျှော့သည်ဟု ကြေညာခဲ့သည်။