တောင်ကြီးမြို့မှ ကိုမြင့်‌ဌေး၊ ကိုဝင်းကိုနှင့် ကိုညီညီရွှေ အပါအဝင် ၄ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မှ ကိုမြင့်‌ဌေး၊ ကိုဝင်းကိုနှင့် ကိုညီညီရွှေ အပါအဝင် ၄ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်


ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ ဖမ်းဆီးခံထားရသည့် တောင်ကြီးမြို့မှ ကိုမြင့်‌ဌေး (ခ) ကိုဘယ်ကျော်၊ ကိုဝင်းကိုနှင့် ကိုညီညီရွှေ အပါအဝင် ၄ ဦးကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်တွင် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။

.

" ဒီနေ့ ချတာက ၂ နှစ်စီ ချတယ်။ ဦးဖြူ (NLD ရပ်ကျေး ဥက္ကဌ)၊ ကိုမြင့်ဌေး(နိုင်/ကျဉ်း)၊ ကိုဝင်းကို (ပြည်သူ့ပါတီ)၊ ကိုညီညီရွှေ (NLD ခရိုင်အတွင်းရေးမှူး)တို့ အားလုံးကို ၂ နှစ်စီ ချတယ်။ ဘေးစီမံက ၂ ယောက်၊ ၅၀၅-က က ၂ ယောက်ပါ။" ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော် သည် ဖေဖော်ဝါရီလ ၉ ရက်တွင် လည်းကောင်း၊ ပြည်သူ့ပါတီမှ ဦးဝင်းကို သည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် လည်းကောင်း၊ ၈၈ မျိုးဆက် ​ကျောင်းသား​ဟောင်း ဖြစ်ပြီး NLD ပါတီ၏ ​တောင်ကြီးခရိုင် အလုပ်အမှု​​ဆောင်အဖွဲ့ အတွင်း​ရေးမှူး အဖြစ် တာဝန် ယူခဲ့ဖူးသူ ဦးညီညီရွှေသည် ဖေဖော်ဝါရီလ ၂၀ ရက်တွင် လည်းကောင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

.

ထို့အပြင် ဖမ်းဆီးခံထားရပြီးနောက် အမှုရင်ဆိုင် နေကြရသည့် တောင်ကြီးမြို့မှ နိုင်/ကျဉ်းများကို ယခု ရက်ပိုင်းအတွင်း ထောင်တွင်းတရားရုံးက အမိန့် ချမှတ်မည် ဖြစ်ပြီး အများစုမှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရဖွယ် ရှိကြောင်းလည သိရသည်။

.

ထို့အတူ ဟိုပုံးမြို့နယ်မှ အပ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် အသီးသီးမှ ဖမ်းဆီးခံထားရသူ အများစုလည်း ထောင်ဒဏ် ၂ နှစ်စီ ချမှတ် ခံရနိုင်ဖွယ် ရှိသည်ဟု ရှေ့နေများက ပြောဆိုနေလျက် ရှိပြီး အချို့မှာမူ ပြစ်ဒဏ် ချမှတ်ပြီး ဖြစ်ကြောင်း သိရသည်။

.

ဟိုပုံးမြို့နယ်၌ ဖမ်းဆီးခံရသူ ၉ ဦးမှာမူ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ၏ အမြင့်ဆုံးပြစ်ဒဏ် ဖြစ်သော ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရသည်။

Journal Download

Photo of three cats