စစ်အာဏာရှင် အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက အဆင်အခြင်မဲ့ တိုက်ခိုက်ခံရမှုများ ချက်ချင်း ရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာ ထားရှိရန် တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံရုံးများက ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ပူးတွဲ ထုတ်ပြန်သည်။
.
မကြာသေးမီက ကရင်ပြည်နယ် အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း အပါအဝင် အရပ်သား ပြည်သူများအပေါ် ကျူးလွန် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်း ဖြစ်ပြီး ယင်းလုပ်ရပ်ကို ရပ်တန့်ရမည် ဖြစ်ကာ တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခုအခါ ၄င်းတို့အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
ထို့အတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုဝင်ဘာ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အကူအညီလိုအပ်နေသည့် ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတားအဆီးအဟန့်အတား မရှိဘဲ လက်လှမ်းမီ ရရှိစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို အပြည့်အ၀ ကာကွယ်ပေးပြီး ဘေးကင်းလုံခြုံစိတ်ချရေး အတွက် တောင်းဆိုကြောင်းကိုလည်း ဖော်ပြထားသည်။
.
အဆိုပါ ကြေညာချက်ကို ဩစတေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများ ဖြစ်သော ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ နှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။