ဖယ်ခုံမြို့၊ ခမရ(၃၃၆) တပ် အနီးရှိ တောင်ယာအတွင်း၌ ဒီဇင်ဘာလ ၂၉ ရက်တွင် တိုးချဲ့ရပ်ကကွက်နေ သားအမိ ၂ ဦး ပြောင်းဖူး ကောက် (ချိုး) နေစဉ် သမီးဖြစ်သူ အမျိုးသမီးငယ်သည် မိုင်း နင်းမိ၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
.
မိုင်း နင်းမိခြင်းကြောင့် အမျိုးသမီးငယ်၏ ခြေထောက် အသားစများ မရှိတော့ဘဲ လက်ရှိတွင် လွိုင်ကော်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး အရေးပေါ် အကူအညီများလည်း လိုအပ်နေသည်ဟု Pekhon PDF က ယမန်နေ့တွင် ထုတ်ပြန်သည်။
.
အဆိုပါ ခမရ(၃၃၆) အနီး၌ပင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်ကလည်း စစ်တပ်က ထောင်ထားသည့် မိုင်း နင်းမိသဖြင့် နန်းဟူးရပ်ကွက်နေ အမျိုးသမီး တစ်ဦး ခြေထောက်တစ်ဖက် ဖြတ်ရသည်ထိ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ တပ်က ထောင်ထားသည့် မိုင်း နင်းမိ၍ နိုဝင်ဘာ နှင့် ဒီဇင်ဘာ နှစ်လအတွင်း ပြည်သူ ၈ ဦးထက် မနည်း ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံရစဥ် သေဆုံးသူမှာလည်း အနည်းဆုံး ၆ ဦး ရှိခဲ့ကြောင်း Pekhon PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။