စတုတ္ထအကြိမ် ဓနုအမျိုးသားနေ့နှင့် ကလောမြို့နယ် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ရုံးဖွင့်ပွဲ ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စတုတ္ထအကြိမ် ဓနုအမျိုးသားနေ့နှင့် ကလောမြို့နယ် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ရုံးဖွင့်ပွဲ ကျင်းပမည်

စတုတ္ထအကြိမ်မြောက် ဓနုအမျိုးသားနေ့အခမ်းအနားနှင့် ကလောမြို့နယ် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ရုံး ဖွင့်ပွဲကို လာမည့် ဒီဇင်ဘာလ ၁၁ ရက် (နတ်တော်လဆန်း ၈ ရက်) ၌ ကလောမြို့နယ်ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.


ထိုသို့ ကျင်းပရာတွင် ကလောမြို့နယ်ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ရုံးနှင့် မယ်ခိုတောင် ကျောင်းအတက်လမ်း ဖွင့်ပွဲကို ဦးစွာ ပြုလုပ်ပြီး နေ့လယ်ပိုင်းတွင် အောင်ပန်းမြို့၊ မြို့မပြင်သာကျောင်းတိုက်၌ ဓနုတိုင်းရင်းသား သံဃာတော် ၅၁ ပါးကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ မွန်းလွဲပိုင်းတွင် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဗဟိုကော်မတီဝင်များ နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စတုတ္ထအကြိမ်မြောက် ဓနုအမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် အပြီးသတ်အစည်းအဝေးကို ဒီဇင်ဘာလ ၃ ရက်က အောင်ပန်းမြို့၊ မြို့မပြင်သာကျောင်းတိုက်၌ ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ကလောမြို့၊ ရွှေဥမင်ကျောင်းဆရာတော်မှ ဧည့်ခံကျွေးမွေးစရိတ် ၁၀ သိန်းနှင့် အသံချဲ့စက်တစ်စုံအပြင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြပြီး ကျန်းမာရေးချို့တဲ့သဖြင့် အစည်းအဝေး မတက်ရောက်နိုင်သူ မိသားစု အတွက် ကလောမြို့နယ် ဓနုအမျိုးသားရေးရာအဖွဲ့ချုပ်မှ ထောက်ပံ့ငွေကျပ် ၅၀၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ဓနုလူမျိုးတို့သည် ရှမ်းပြည်နယ်နှင့် ပြည်မအကြား ဒေသများ တွင် အများဆုံးနေထိုင်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၊ ကျောက်နီတွင်းဒေသ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ပွေးလှ၊ ရွာငံ၊ အောင်ပန်း၊ ပင်မှီ၊ ဘော်နင်း၊ သာမိုင်းခမ်း၊ ကလော၊ တောင်ကြီး၊ ညောင်ရွှေ၊ ဟဲဟိုး၊ လုံးပိုး၊ တီကျစ်၊ ပင်လောင်းဒေသမှ ပျဉ်းမနား အရှေ့ဘက်၊ ပေါင်းလောင်းမြစ်ရိုးတစ်လျှောက်အထိ ရှည်လျားသော ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက် တောင်တန်းကြား ကွင်းပြင်များ၌ နေရာအနှံ့အပြား နေထိုင်လျက်ရှိကြောင်း သိရသည်။

.

နှစ်စဉ် နတ်တော်လဆန်း ၈ ရက်နေ့ကို ဓနုအမျိုးသားနေ့ အဖြစ် သတ်မှတ်ထားပြီး ပထမ အကြိမ်ညီလာခံကို ၂၀၁၈ ခုနှစ်က ရွာငံတွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် နောင်ချိုမြို့၌လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အောင်ပန်းမြို့၌ လည်းကောင်း ကျင်းပခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်တွင် ရပ်စောက်မြို့၌ ကျင်းပရန် လျာထားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ ထပ်မံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


Journal Download

Photo of three cats