တောင်ကြီးမြို့၌ လိုင်စင်မဲ့ယာဉ် စီးနင်းသူများအပေါ် ယာဉ်ထိန်းရဲများ၏ ငွေကြေး တောင်းခံမှုသည် ယခုရက်ပိုင်းတွင် ပိုမို၍ အတင့်ရဲလာသည်ဟု သိရသည်။
.
" ယာဉ်ထိန်းတွေ တောင်းတာက အရင်ကတည်းက ရှိတယ်။ ဒါပေမဲ့ အခုက ပိုပြီး အတင့်ရဲလာတာ။ အရင်က သူ့နေရာနဲ့ သူ တောင်းတာ၊ ခုကကြတော့ တွေ့ရာနေရာမှာ တောင်းတာ။ " ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
.
မြို့ပေါ်ရှိ မော်တော်ယာဉ် အများစုမှာ လိုင်စင်မဲ့ယာဉ်များ ဖြစ်သော်လည်း ပြည်သူများ စီးနင်းသည့် ယာဉ်ကိုသာ အဓိကထား၍ အကြောင်းအမျိုးမျိုးပြကာ ငွေကြေး တောင်းခံနေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
တောင်ကြီးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်း နှင့် ပြည်သူ့စစ် အများစုသည် လိုင်စင်မဲ့ယာဉ်များကိုသာ အသုံးပြုလေ့ရှိသည့်အပြင် အရပ်သား ပြည်သူများတွင်လည်း လိုင်စင်မဲ့ယာဉ် အသုံးပြုသည့် အလေ့အထ ရှိသည်ဟု သိရသည်။
.
" သူတို့ တားလိုက်တာနဲ့ အနည်းဆုံး ၂ သောင်းကတော့ ပေးရပြီပဲ။ ကျွန်တော့်တုန်းက မြို့ပြင် ကားဆီ သွားထည့်တာ အဲကောင်တွေနဲ့ တွေ့တော့ တောင်းလို့ ပါတာ အကုန် ပေးလိုက်ရတယ်။ ဆီမထည့်ရဘဲ လှည့်ပြန်ရတာပေါ့။" ဟု မြို့ခံ တစ်ဦးက ဆိုသည်။
.
ထို့အပြင် မြို့ဝင်/ထွက် နေရာများတွင်လည်း ကုန်တင်ယာဉ်များအား စစ်တပ်၊ ရဲ နှင့် ယာဉ်ထိန်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရေး အကြောင်းပြကာ ငွေကြေး တောင်းခံမှုများ ရှိနေကြောင်းလည်း သိရသည်။