တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် ဒီဇင်ဘာလ ၃ ရက် နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကျော်နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာလ ၃ ရက် နေ့လယ် ၁၂ နာရီခန့်က သက်သေများနှင့်အတူ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၅)၊ ဧရာ၀တီလမ်းတွင် လမ်းလျှောက်လာသူ ဘုန်းပြည့်စုံ အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၀ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၅)၊ ဧရာ၀တီလမ်းနေ အောင်သူရ အား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲခန့်တွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၅)၊ ပန်းနေကြာလမ်းသွယ်၊ ဘဲဥကန်အနီးတွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ တွေ့ရှိသူ အုန်းညွှန့် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀ သိန်း) အား တွေ့ဂှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ယင်းနေ့ ညနေ ၄ နာရီခန့်တွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၅)၊ နေကြာလမ်းသွယ်ရှိ အုန်းညွှန့် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၃၇၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၅.၅ သိန်း)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဘုန်းပြည့်စုံ၊ အောင်သူရနှင့် အုန်းညွှန့် တို့အား တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။