တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း၌ ၁၂ ဘီး၊ ၁၈ ဘီးယာဉ်နှင့် တွဲယာဉ်များကို ညအိပ် ရပ်နားခြင်း၊ ခေတ္တရပ်နားခြင်းများအားခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။
.
ယင်း တားမြစ်ချက်ကို ဒီဇင်ဘာလ ၁၇ ရက်တွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ပညာပေးကာလအဖြစ် ၅ ရက် သတ်မှတ်ပြီးနောက် မလိုက်နာသည့် မော်တော်ယာဉ်များကို အရေးယူသွားမည်ဟု သိရသည်။
.
“ ဒီဇင်ဘာ ၁၇ ရက်ကနေ ၂၁ ရက် အထိတော့ ပညာပေးကာလ ၅ ရက် သတ်မှတ်ထားပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ် တာဝန်ရှိသူ က ပြောသည်။
.
အဆိုပါ ၁၂ ဘီးယာဉ်နှင့် တွဲယာဉ်များ ရပ်နားခွင့် တားမြစ်မှုကို အစည်းအဝေး ဆုံးဖြတ်ချက်အရ ယာဉ်ကြော မပိတ်စေရန်နှင့် လုံခြုံရေးအတွက် ရည်ရွယ် လုပ်ဆောင်သည်ဟု ၎င်းထံမှ သိရသည်။
.
တောင်ကြီးမြို့ရှိ အနောက်မြို့ပတ်လမ်းသည် ကုန်တင်ယာဉ်များ အဓိက ဖြတ်သန်းမောင်းနှင်ရာ လမ်းဖြစ်ပြီး ကုန်တင်ယာဉ် အချို့သည် လမ်းဘေး ဝဲ/ယာ နှင့် ရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် ညအိပ်ရပ်နားလေ့ ရှိသည်။
.
“ အဲလို သတ်မှတ်မယ် ဆိုရင်တော့ မြို့ပြင် ထွက်အိပ်ရုံပေါ့။ ညပိုင်း မောင်းရင်လည်း အချိန် ကျော်လို့ ဆိုပြီး ဘာမှန်းမသိ ရစ်တာ ခံရသေးတယ်။ မြို့ထဲမှာ ကုန်တင်/ချ လုပ်တာလည်း ခက်သွားမှာပေါ့။” ဟု ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့တွင် ကုန်တင်ယာဉ်များအား စစ်ဆေးရေး အကြောင်းပြကာ လုံခြုံရေးများက ငွေကြေး တောင်းခံနေသည်ဟု ဆိုကာ ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။