တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ရေကန်အတွင်းသို့ ဆောင်းခိုငှက်များလာရောက် ကျက်စားလျက် ရှိကြောင်းသိရသည်။
.
ယင်းကဲ့သို့ လာရောက်ကျက်စားသည့် ငှက်များအနက် ရေဘဲကောင်ရေမှာ အများဆုံးဖြစ်ပြီး အကောင်ရေ ၂၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။
.
“အများဆုံးကတော့ ရေဘဲတွေပါ။ အကောင်ရေ ၂၀၀ ကျော်လောက်ရှိပါတယ်။ ကျန်တဲ့ငှက်တွေကတော့ နည်းနည်းပဲပါတယ်” ဟု ဂနိုင်ရေကန်အနီးနေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါဂနိုင်ရေကန်အတွင်း လွန်ခဲ့သည့် ၃ နှစ်ခန့်မှစတင်၍ ဆောင်းခိုငှက်များ လာရောက်ကျက်စားလေ့ရှိပြီး ဆောင်းကုန်သည့်အချိန်တွင် ပြန်လည်ထွက်ခွာ သွားလေ့ရှိကြောင်း သိရသည်။
.
အကောင်ရေမြောက်များစွာ လာရောက်ကျက်စားနေသည့် ရေဘဲများအား ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ကြည့်ရှုထိန်းသိမ်းလျက်ရှိပြီး ပစ်ခတ်ဖမ်းဆီးမှုများမပြုလုပ်ရန် တားမြစ်ထားကြောင်း ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။