[ ဆောင်းပါးရှင် - မောင်မောင်စိုး ]
.
၂၀၂၁ ခုနှစ်၊ ဇွန်လခန့်မှ စ၍ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခု ဖြစ်သည့် ပဋိပက္ခများသည် မြှင့်တက်ခဲ့ပြီး တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ကျေးသီးဒေသ လွယ်ဟွန်းတောင်ကြောမှသည် ကျောက်မဲဒေသထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
.
RCSS ဖက်မှ တပ်အင်အား အလုံးအရင်းနှင့် စုစည်း တိုက်ခိုက်ခဲ့သကဲ့သို့ SSPP ဖက်မှလည်း သူ၏ မဟာမိတ်များ ဖြစ်သည့် UWSA/TNLA တပ်ဖွဲ့များ ပါဝင် တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းများအရ သိရသည်။ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ဘေးဒုက္ခသည် အများအပြား ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။
.
လက်ရှိ စစ်ရေးပဋိပက္ခသည် ယခင်အချိန်အခါကာလများထက် များစွာ ပြင်းထန်သည့်အပြင် RCSS အား ရှမ်းပြည်မြောက်ပိုင်းမှ တွန်းထုတ်သည် ဖြစ်ရာ ပဋိပက္ခသည် ယခင်ကထက် ပို၍ ပြင်းထန်လာခဲ့သည်။
.
ဤသို့သော အခြေအနေအောက်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်တည်လာသည့် သမိုင်းကြောင်းကို ပြန်လည်စေ့ငုရန် လိုသည်။ ၁၉၅၈ ခုနှစ် နွမ်စစ်ဟန် ရှမ်းလက်နက်ကိုင် ပုန်ကန်မှု အစပြုပြီးနောက် ၁၉၆၀/၆၁ ခုနှစ်ခန့်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ ပေါ်လာသည်ကို တွေ့ရသည်။ ၎င်းတို့မှာ SNA၊ SSIA နှင့် SNUF တို့ဖြစ်သည်။
.
◾SNA
.
စဝ်ငါးခမ်း ဦးစီးပြီး စတင် ဖွဲ့စည်းစဉ်က TNA (Tai National Army)ဟု ခေါ်ဆိုခဲ့ပြီးနောက်ပိုင်းတွင် SNA (Shan National Army)ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သော အဖွဲ့ ဖြစ်သည်။ SNA သည် အစောပိုင်းကာလက နွမ်စစ်ဟန်၊ SSA တို့နှင့် ဆက်စပ်ပတ်သက်မှု ရှိသော်လည်း နောက်ပိုင်းတွင် သီးခြားရပ်တည်သည်။
.
SNA ကျိုင်းတုံဒေသ၊ အထူးသဖြင့် ကျိုင်းတုံနှင့် မြောက်ဖက် မိုင်းယန်း၊ မိုင်းယောင်းဒေသအား အခြေပြုလှုပ်ရှားသည်။ ရှမ်းအရှေ့ ကျိုင်းတုံဒေသလူထု၏ ထောက်ခံမှု ရယူလှုပ်ရှားပြီး ကျန်ဒေသများသို့ တိုးချဲ့လှုပ်ရှားမှု မရှိ၍ ကျန်ရှမ်းအဖွဲ့များနှင့် ပဋိပက္ခ မရှိခဲ့ပေ။ SNA သည် ဒေသလက္ခဏာဆောင်သောအဖွဲ့ဟု ဆိုနိုင်သည်။
.
SNA သည် ၁၉၇၃ ခုနှစ်တွင် မိုင်းလားဒေသသို့ ထိုးဖောက်လာသည့် CPB (၈၁၅)စစ်ဒေသနှင့် စတင်ဆက်သွယ်မိပြီး CPB နှင့် မဟာမိတ် ဆက်ဆံရေး အစ ပြုသည်။ ၁၉၇၆ ခုနှစ်တွင် SNA အား ဖျက်သိမ်း၍ CPB အရှေ့မြောက်စစ်ဒေသ၏ တပ်မဟာ (၇၆၈)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
.
၁၉၈၉ ခုနှစ် CPB ပြိုကွဲသောအခါ တပ်မဟာ (၇၆၈)သည် (၈၁၅)စစ်ဒေသနှင့် ပူးပေါင်း၍ NDAA (National Democratic Alliance Army) ဖွဲ့စည်းပြီး နဝတနှင့် အပစ်ရပ်၍ ငြိမ်းချမ်းရေးယူခဲ့သည်။ နဝတကလည်း ၎င်းတို့ဒေသအား ရှမ်းပြည်အထူးဒေသ ၄ ဟုသတ်မှတ်ပေးခဲ့သည်။ SNA အဖို့ဆိုလျှင် အဖွဲ့အစည်းလည်း မရှိတော့သည့်အပြင် သီးခြား ရှမ်းအမျိုးသားနိုင်ငံရေးရပ်တည်မှု မရှိတော့ပေ။
.
◾SSIA
.
SSIA (Shan State Independence Army)ကို ၁၉၆၀ ဝန်းကျင်တွင် နွမ်စစ်ဟန်သို့ ရောက်ရှိလာသည့် ရှမ်းပညာတတ် အများစု ဦးဆောင်တည်ထောင်သည်။ SSIA ဖွဲ့စည်းပြီးနောက် သံလွင်မြစ် အနောက်ခြမ်းသို့ ကူးပြီး ရှမ်းပြည်မြောက်ပိုင်းသို့ ထိုးဖောက် စည်းရုံးခဲ့သည်။
.
၁၉၆၄ ခုနှစ်တွင် မဟာဒေဝီ နာယကအဖြစ် တာဝန်ယူသည့် SSA တွင် SNUF နှင့်အတူ ပါဝင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မိုးဟိန်း၏ SURA ပြန်လည် ခွဲထွက်ပြီးနောက် SSA အဖြစ် ကျန်ရစ်ခဲ့သူများမှာ မူလ SSIA အင်အားစုများဟု ဆိုရမည်။
.
SSA သည် ၁၉၇၁ ခုနှစ်တွင် နိုင်ငံရေးအရ ဦးဆောင်ရန် SSPP အား ဖွဲ့စည်းပြီးနောက် SSPP/SSA ဟု လူသိ များခဲ့သည်။ SSPP/SSA သည် ၁၉၇၃ ခုနှစ်တွင် CPB နှင့် စတင်တပ်ပေါင်းစု ဖွဲ့စည်းခဲ့ရာမှ ၁၉၇၅ ခုနှစ်တွင် SSPP ခေါင်းဆောင်ပိုင်းအတွင်း အတိအလင်းသဘောထား ကွဲပြီး ကွန်မြူနစ်များနှင့် မပေါင်းလိုသည့် ခေါင်းဆောင်များ ထိုင်းနယ်စပ်သို့ ထွက်ခွာသွားသည်။
.
သို့သော် သီးခြား အဖွဲ့အစည်း ထူထောင်ခဲ့ခြင်း မရှိပါ။ CPB နှင့် ပူးပေါင်းသော SSPP/SSA အင်အားစုများ ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက် ရပ်တည်ပြီး အင်အားအချို့အား ထိုင်းနယ်စပ်တွင် လှုပ်ရှားစေခဲ့သည်။
.
၁၉၈၄ ခုနှစ်တွင် ရှမ်းအရှေ့ ထိုင်းနယ်စပ်တွင် ရှိသည့် SSA တောင်ပိုင်းမှ တပ်များ စဝ်ကွဏ်းဇိဏ်းနှင့် ပူးပေါင်းသွားပြီးနောက်ပိုင်းမှ စ၍ ရှမ်းအရှေ့နှင့် ရှမ်းတောင်သို့ SSPP/SSA ထိုးဖောက်ခြင်း မရှိတော့ပါ။ SSPP/SSA သည် ၁၉၈၉ ခုနှစ်တွင် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးယူခဲ့သည်။
.
၂၀၀၉ တွင် SSPP/SSA မှ တပ်မဟာ ၃ နှင့် ၇ က ပြည်သူ့စစ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် လက်ခံခဲ့သော်လည်း တပ်မဟာ(၁) က လက်မခံဘဲ SSPP အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။ သို့နှင့် နအဖ အစိုးရနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး SSPP အား ပြန်လည် တည်ဆောက်ခဲ့ရသည်။ ၂၀၁၂ တွင် ဦးသိန်းစိန်အစိုးရနှင့် Biletral အပစ်ရပ်လက်မှတ် ရေးထိုးခဲ့သော်လည်း ၂၀၁၅ ထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
.
ယခုအချိန်ထိ NCA လက်မှတ် ရေးထိုးခြင်း မရှိသေးဘဲ ရှမ်းအမျိုးသားနိုင်ငံရေးတွင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုအနေနှင့် ဆက်လက် ပါဝင်လျက် ရှိသည်။
.
◾SNUF
.
၁၉၆၀/၆၁ ကာလတွင် စဝ်ကွဏ်းဇိဏ်း ဦးစီး၍ SNUF ကို ဖွဲ့စည်းခဲ့သည်။ အစောပိုင်းတွင် SSIA နှင့် မဟာမိတ် ဖွဲ့ထားပြီး သံလွင်မြစ် အနောက်ဖက် ရှမ်းပြည်တောင်ပိုင်းကို ထိုးဖောက်လှုပ်ရှားခဲ့သည်။ ၁၉၆၄ တွင် မဟာဒေဝီ အမှူးပြုသည့် SSA တွင် ပါဝင်ခဲ့သော်လည်း ၁၉၆၉ ခုနှစ်တွင် စဝ်ကွဏ်းဇိဏ်းသည် SURA အမည်ဖြင့် ပြန်လည်ခွဲထွက်၍ သီးသန့်လှုပ်ရှားခဲ့သည်။
.
SURA ဌာနချုပ်အား ရှမ်းအရှေ့ ထိုင်းနယ်စပ်တွင် အခြေပြုသည်။ တပ်ဖွဲ့များက ရှမ်းအရှေ့နှင့် ရှမ်းတောင်တွင် လှုပ်ရှားသည်။ ၁၉၈၄ ခုနှစ်တွင် SSA တောင်ပိုင်းတပ်ဖွဲ့နှင့် ပူးပေါင်းပြီး TRC/TRA အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းသည်။ TRC/TRA သည် ၁၉၈၅ တွင် ခွန်ဆာ၏ SUA (Shan United Army)နှင့် ပူးပေါင်းပြီး SSRC/MTA ဟုဖွဲ့စည်းသည်။
.
စဝ်ကွဏ်းဇိဏ်းက ဥက္ကဌတာဝန်ယူပြီး ခွန်ဆာက တပ်မှူးတာဝန်ယူသည်။ ၁၉၉၅ တွင် MTA မှ ခွဲထွက်သည့် SSNA သည် ရှမ်းမြောက် သီပေါအနီး၌ အခြေပြုပြီးနောက် နအဖနှင့် အပစ်ရပ်သည်။ ၁၉၉၆ ခုနှစ် ခွန်ဆာလက်နက်ချချိန် စဝ်ရွက်ဆစ်တို့မှ လက်နက်ချခြင်းကို လက်မခံဘဲ SURA-SSA တောင်ပိုင်းအမည်ဖြင့် ဆက်လက် တိုက်ပွဲဝင်သည်။
.
၂၀၀၅ ခုနှစ်တွင် SSNA နှင့် SURA/SSA တောင်ပိုင်းတို့ ပူးပေါင်းပြီး RCSS/SSA ကို ဖွဲ့စည်းခဲ့သည်။ RCSS သည် ၂၀၁၁/၁၂ တွင် အပစ်ရပ်လက်မှတ်ထိုးပြီး ၂၀၁၅ တွင် NCA လက်မှတ် ရေးထိုးသည်။ ရှမ်းအမျိုးသား နိုင်ငံရေးတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအနေနှင့် ဆက်လက် ပါဝင်လျက်ရှိသည်။
.
သို့ဖြစ်ရာ ယနေ့ ရှမ်းပြည်အမျိုးသားနိုင်ငံရေးတွင် ထိပ်တိုက် ရင်ဆိုင်နေသော ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခု ဖြစ်သည့် SSPP နှင့် RCSS သည် ၁၉၅၈ ခုနှစ် နွမ်စစ်ဟန် ပုန်ကန်မှု စပြီး မကြာခင် ၁၉၆၀/၆၁ တွင် ပေါ်ပေါက်လာသည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်သည့် SSIA နှင့် SURA ဆိုသည့် အခြေခံပေါ်မှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ရပေသည်။
.
◾ထည့်သွင်းစဉ်းစားရမည့် အချက်များ
.
ထို့အပြင် ရှမ်းပြည်နယ်နှင့် ပတ်သက်လျှင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုထဲကိုသာ ထည့်သွင်းစဉ်းစား၍ မရနိုင်ပါ။ ရှမ်းပြည်နယ်သည် ၆၀၁၅၅ စတုရန်းမိုင် ကျယ်ဝန်းပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးလည်းဖြစ်သည်။
.
အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းဟူ၍ ခွဲခြားပြောဆိုလေ့ ရှိကြသည်။ ရှမ်းပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၅ ခု အပါ ရှမ်းအရှေ့တွင် ခရိုင် ၃ ခု၊ ရှမ်းမြောက်တွင် ခရိုင် ၇ ခရိုင်၊ ရှမ်းတောင်တွင် ခရိုင် ၃ ခု စုစုပေါင်း ခရိုင် ၁၃ ခု၊ မြို့နယ် ၅၅ ခု ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅ သန်း ၈ သိန်းကျော် ရှိသည်။
.
ရှမ်းပြည်နယ်တွင် ဘာသာစကား၊ ယဉ်ကျေးမှု မတူညီသည့် အခြားတိုင်းရင်းသား လူမျိုးများလည်း ရှိသည်။ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပေးထားသော လူမျိုးများမှာ တအာင်း(ပလောင်)၊ ကိုးကန့်၊ ဝ ၊ ပအိုဝ်း၊ ဓနုတို့ ဖြစ်သည်။ ထို့အပြင် ရှမ်းမြောက်တွင် ကချင်၊ ရှမ်းအရှေ့တွင် လားဟူ၊ အာခါတို့သည် လူဦးရေ တစ်သိန်းအထက်ရှိပြီး တိုင်းရင်းသားရေးရာဝန်ကြီး ပေးရသော လူမျိုးများဖြစ်သည်။ ထို့ပြင် တအာင်း(ပလောင်)၊ ဝ နှင့် ပအိုဝ်းတို့သည် ပြည်နယ်တောင်းဆိုမှုများ ရှိကြသည်။
.
ထို့အပြင် ရှမ်းပြည်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခု သာမက အခြားတိုင်းရင်းသားလူမျိုး လက်နက်ကိုင် တပ်ဖွဲ့များလည်း ရှိနေသည်။ ရှမ်းမြောက်တွင် KIA (ကချင်) တောင်ပိုင်းတိုင်း၊ TNLA (တအာင်း) တပ်ဖွဲ့၊ MNDAA (ကိုးကန့်)တပ်ဖွဲ့၊ UWSA (ဝ) တပ်ဖွဲ့၊ ရှမ်းအရှေ့တွင် NDAA (ရှမ်း၊ အာခါ)တပ်ဖွဲ့နှင့် UWSA (ဝ) တပ်ဖွဲ့တို့ရှိသည်။
.
ထိုတပ်ဖွဲ့များသည် အင်အား အတော်အတန် တောင့်တောင့်တင်းတင်း ရှိကြသည်။ သို့ဖြစ်ရာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခု ပြဿနာကို စဉ်းစားရာတွင် ထိုအချက်အလက်များကိုပါ ထည့်သွင်းသုံးသပ်ရန် လိုသည်။
.
[ ဓါတ်ပုံ - တောင်ကြီးမြို့၌ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်တွင် RCSS နှင့် SSPP တို့ ပူးပေါင်းရန် ဒေသခံများက ဆန္ဒထုတ်ဖော်စဉ် ]