တောင်ကြီးမြို့၏ အထင်ကရနေရာ တစ်ခု ဖြစ်သည့် မြို့မဈေး၌ ဈေးပိတ်ရက် ကာလများအတွက် ဆိုင်ခန်းခွန် ကောက်ခံမှု အပေါ် ဈေးသူဈေးသားများနှင့် ဒေသခံအချို့က ပြစ်တင် ဝေဖန်မှုများ ပြုလုပ်နေကြောင်း သိရသည်။
.
COVID-19 ကူးစက် ပျံ့နှံ့မှုကြောင့် တောင်ကြီးမြို့ရှိ မြို့မစျေးကို ကာလရှည်ကြာ ပိတ်သိမ်းခဲ့ရသည့် အပြင် လက်ရှိ နိုင်ငံရေး အခြေအနေများကြောင့် ဈေး ရောင်းဝယ်မှု မရှိသလောက် နည်းပါးနေသော်လည်း ဈေး ပိတ် ကာလများအတွက် ဆိုင်ခန်းခွန် ကောက်ခံနေသဖြင့် ယင်းကဲ့သို့ ပြစ်တင် ဝေဖန်နေကြခြင်း ဖြစ်သည်။
.
" ဈေး ပိတ်တာ ၄ လလောက် ရှိတယ်ဗျာ။ ခုလည်း ရောင်း မကောင်းဘူး။ အဲဒါကို မငဲ့ညှာဘဲ ဇွတ်ကြီးကို ဆိုင်ခန်းခွန် ဆောင်ခိုင်းတယ်။ ဈေး ပြန်ဖွင့်တာ အခွန် ကောက်ဖို့ ဖွင့်ခိုင်းတာလားတောင် မပြောတတ်တော့ဘူး။ ပြီးတော့ ရက်လွန်ကြေးလည်း ကောက်တယ်။ (ဆိုင်ခန်းခွန်) ခွဲ ဆောင်လို့လည်း မရဘူး၊ ပေါင်းပြီး ဆောင်ရတာ။" ဟု ဈေးဆိုင်ခန်း ပိုင်ရှင် တစ်ဦးက ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့နှင့် သက်ဆိုင်သည့် လူမှုကွန်ရက် စာမျက်နှာများတွင်လည်း ယင်းကဲ့သို့ ပိတ်ရက် ကာလအတွက် ဆိုင်ခန်းခ ကောက်ခံမှုအပေါ် ပြစ်တင် ဝေဖန် ရေးသားနေကြသည်ကို တွေ့ရသည်။
.
မြို့မဈေးရှိ ဆိုင်ခန်းခွန်အား ဆိုင်ခန်း နေရာနှင့် အကျယ်အဝန်း အပေါ် မူတည်၍ သတ်မှတ်ထားပြီး တစ်လလျင် ပျဉ်းမျှ ၅၀၀၀ ကျပ်နှင့် ရက်လွန်ကြေးအဖြစ် ၅၀၀ ကျပ်ကို တစ်ပေါင်းတည်း ပေးဆောင်ရသည်ဟု သိရသည်။
.
ယင်းကဲ့သို့ ဆိုင်ခန်းခွန် ကောက်ခံမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးက " ဆိုင်ခန်းပိုင်ရှင်တွေကလည်း စည်ပင်အနေနဲ့ မတွက်ဘဲ ရိုးရိုးပုဂ္ဂလိက အရပ်သား အနေနဲ့ တွက်ကြည့်လိုက်ရင် လောလောဆယ် ခေတ္တ အဆင်မပြေသေးတာပဲ ရှိမှာ၊ ပေးဖို့တော့ တာဝန် ရှိနေတာပေါ့။ ကျွန်တော်တို့ စည်ပင်က အခွန် လျှော့လို့ မရတဲ့အထဲမှာ ဆိုင်ခန်းခွန်လည်း ပါတယ်။" ဟု ပြောဆိုထားသည်။
.
တောင်ကြီး မြို့မစျေးသည် စည်ပင်သာယာရေးဌာနပိုင် ဈေး ဖြစ်ကာ ဆိုင်ခန်းပေါင်း ၁၈၀၀ ကျော် ရှိပြီး COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ယာယီ ပိတ်သိမ်းထားရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်၊ ညနေပိုင်းတွင် ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။