နေပြည်တော်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ရုံးခန်းကို ဆက်လက်၍ ဖွင့်ခွင့် မပြုတော့ကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
.
အထူးကိုယ်စားလှယ်သစ် ခန့်အပ်ပြီးနောက် မစ္စ ခရစ္စတင်းရှရာနာ ဘာဂီနာ ၏ နေရာတွင် ဆက်ခံမည် ဖြစ်ကြောင်းနှင့် မစ္စ ဘာဂီနာ ၏ တာဝန် ပြီးဆုံးပြီ ဖြစ်ကြောင်း သိရ၍ ရုံးခန်းကို မြန်မာနိုင်ငံတွင် ဆက်လက် ထားရှိခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂထံ ဒီဇင်ဘာ ၂၀ ရက်က အကြောင်းကြားထားပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
အဆိုပါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရုံးခန်းကို NLD အစိုးရလက်ထက်က ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပြသသည့် အနေဖြင့် နေပြည်တော်၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
.
စင်ကာပူ နိုင်ငံသူ ဝါရင့်သံတမန် မစ္စနိုလင်း ဟေဇာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မစ္စဘာဂီနာ၏ နေရာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ကြောင်း အောက်တိုဘာ ၁၅ ရက်က ကြေညာထားပြီး မစ္စနိုလင်း ဟေဇာဟာ အနေဖြင့် မြန်မာနိုင်ငံကို လာရောက်ခွင့် မရသေးပေ။
.
လက်ရှိတွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက အာဏာသိမ်း စစ်ကောင်စီအပေါ် အသိအမှတ် မပြုသည့်အပြင် စစ်ကောင်စီမှ စေလွှတ်သည့် ကိုယ်စားလှယ်ကိုလည်း လက်ခံခြင်း မရှိဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုသာ ကုလသမဂ္ဂ၌ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက် အသိအမှတ်ပြု လက်ခံထားသည်။