ဒီဇင်ဘာလ ၄ ရက်၊ နတ်တော်လဆန်း တစ်ရက်၌ ကျရောက်မည့် ၂၁၁၆ ခုနှစ် ရှမ်းတိုင်းရင်းသားရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်နိုင်မည်မဟုတ်ဘဲ မြို့နယ်အလိုက်သာ ဆရာတော်၊ သံဃာတော်များ အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် သက်ကြီးရွယ်အိုများအား ကန်တော့ခြင်းတို့ကိုသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဗဟိုထထံက သိရသည်။
.
“အခုနှစ်မှာ COVID-19 ရောဂါ ကပ်ဘေးနဲ့ စစ်ဘေးရှောင် ရှမ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ အရေးကိစ္စတွေ ရှိနေတာကြောင့် ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖြစ်ပါဘူး။ မြို့နယ်အလိုက်ပဲ ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းဆက်ကပ် တာ၊ သက်ကြီးရွယ်အို ကန်တော့တာနဲ့ ကောက်သစ်စားပွဲတွေပဲ လုပ်ဖြစ်ပါတယ်” ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ဗဟိုမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်စိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျရောက်သည့် ၂၁၁၄ ခုနှစ် ရှမ်းတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ၇ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါဘေးကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယခု ၂၀၂၁ ခုနှစ်တွင်လည်း ကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။
.
ရှမ်းသက္ကရာဇ် ရေတွက်ပုံမှာ နန်ချိုပြည်သို့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ပိဋကတ်သုံးပုံ ရောက်ရှိသည့် သာသနာနှစ် ၄၅၀၊ နတ်တော်လဆန်း ၁ ရက်နေ့မှ စတင်ရေတွက်သည်ဟု သိရှိရပြီး ယခု ခရစ်နှစ်၂၀၂၁ ခု (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်) သည် ရှမ်းသက္ကရာဇ် ၂၁၁၅ ခုမှ ၂၁၁၆ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယဖြစ်ကြောင်း သိရသည်။