ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ ၈ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကမ္ဘောဇတိုင်းသတင်းဌာနမှ သတင်းမီဒီယာသမားများနှင့် မိသားစုဝင် (သတင်းသမားဟု စွပ်စွဲခံရသူ)၊ စုစုပေါင်း ၄ ဦးတို့ကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
.
ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နှင့် သတင်းသမားဟု စွပ်စွဲခံရသည့် မိသားစုဝင် စိုင်းစည်သူတို့သည် ပြီးခဲ့သည့် မတ်လ ၂၄ ရက်၊ ညပိုင်းက ဟိုပုံးမြို့၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ညောင်ရွှေအကျဉ်းထောင်တွင် ၈ လကျော်ကြာ ချုပ်နှောင်ခံထားရခြင်း ဖြစ်သည်။
.
ညောင်ရွှေအကျဉ်းထောင်ရှိ တရားရုံးတွင် ဧပြီလ ၈ ရက်မှ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်အထိ ရုံးချိန်း ၁၉ ကြိမ်အတွင်း စစ်ဆေးခြင်း၊ ကြားနာခြင်း၊ စွဲချက်/လျှောက်လဲချက်များ တင်ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် ၎င်းတို့ ၄ ဦးအား ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။
.
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့သည် လူ့အခွင့်အရေးနေ့ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ တစ်ဝှမ်း၌ စစ် အာဏာရှင်အား ဆန့်ကျင်သော အသံတိတ်သပိတ် (Silent Strike) ကို ပြည်သူများက ပြုလုပ်နေချိန်လည်း ဖြစ်သည်။
.
ရှမ်းပြည်နယ်အတွင်း၌ သတင်းမီဒီယာသမား ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် ၄ ဦး ပြန်လည် လွတ်မြောက်ကာ သံလွင်သွေးချင်းသတင်းဌာနမှ အယ်ဒီတာချုပ် မြဝန်းရံ၊ ရွှေဖီမြေသတင်းအေဂျင်စီမှ ရုပ်သံသတင်းထောက် လွေးအမ်ဖောင်နှင့် ကမ္ဘောဇတိုင်းမှ ယခု ထောင်ဒဏ် ချမှတ်ခံရသည့် ၄ ဦးတို့သည် ချုပ်နှောင် ခံထားရဆဲ ဖြစ်သည်။
.
ထို့အပြင် တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းမီဒီယာ ထုတ်ဝေခွင့်ကို ပိတ်သိမ်းခဲ့ပြီး သတင်းဌာနအချို့နှင့် သတင်းသမားများ၏ နေအိမ်များအား စစ်ကောင်စီက ဝင်ရောက်မွှေနှောက် ရှာဖွေခြင်းနှင့် သတင်းသမားအချို့ကိုလည်း အမှုဖွင့်ထားသဖြင့် သတင်းမီဒီယာသမား အများစုမှာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
.
မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့အထိ သတင်းသမား စုစုပေါင်း ၁၁၀ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် ၄၀ ဦးခန့်မှာ ယနေ့ထိ ချုပ်နှောင် ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။