ဖွင့်ရန် ကျန်သော ရှမ်းပြည်နယ်ရှိ မြို့နယ်များအနက် ၁၄ မြို့နယ်မှ ကျောင်းများ ပြန် ဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖွင့်ရန် ကျန်သော ရှမ်းပြည်နယ်ရှိ မြို့နယ်များအနက် ၁၄ မြို့နယ်မှ ကျောင်းများ ပြန် ဖွင့်


ဖွင့်လှစ်ရန် ကျန်ရှိသော ရှမ်းပြည်နယ်ရှိ မြို့နယ် ၂၆ ခုအနက် ၁၄ မြို့နယ်မှ အခြေခံပညာ စာသင်ကျောင်းများကို ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

.

ဟိုပုံး၊ ရပ်စောက်၊ ပင်လောင်း၊ လဲချား၊ နမ့်စန်၊ လားရှိုး၊ နောင်ချို၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ သိန္နီ၊ ကွမ်းလုံ၊ ကျိုင်းတုံနှင့် မိုင်းယောင်းမြို့နယ်တို့မှ အခြေခံပညာကျောင်းများကို ပြန် ဖွင့်ခြင်း ဖြစ်သည်။

.

ရှမ်းပြည်နယ်တွင် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့် မရသည့် စုစုပေါင်း ၂၆ မြို့နယ် ရှိသည့် အနက် ယခုတွင် ၁၄ မြို့နယ်ကို ပြန်ဖွင့်ခွင့် ရသဖြင့် ဖွင့်လှစ်ရန် ကျန်ရှိသည့် မြို့နယ် ၁၂ ခု ရှိဦးမည် ဖြစ်သည်။

.

အဆိုပါ ကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့် မရသေးသည့် မြို့နယ်များမှာ ဆီဆိုင်၊ ပင်းတယ၊ မိုးနဲ၊ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ ကွန်ဟိန်း၊ လွိုင်လင်၊ မိုင်းရှူး၊ မိုင်းဆတ်၊ မိုင်းဖြတ်နှင့် မိုင်းတုံမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

.

COVID-19 ကြောင့် ပိတ်ထားခဲ့ရသည့် ကျောင်းများကို စစ်ကောင်စီက ဇွန်လတွင် ဖွင့်ခဲ့ပြီး ရောဂါ ကူးစက်မှု များလာတာကြောင့် ပြန်ပိတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်‌တွင် တိုင်းနှင့်ပြည်နယ် ၉ ခုက မြို့နယ် ၄၆ မြို့နယ်မှ အပ ကျန်မြို့နယ်များရှိ ကျောင်းများကို ပြန်ဖွင့်ခဲ့ခြင်း ဖြစ်သည်။

.

လက်ရှိတွင် ပြည်နယ်အတွင်းရှိ စာသင်ကျောင်း အချို့တွင် COVID-19 ရောဂါ ကူးစက်မှုများ တွေ့ရှိနေသည့် အပြင် ဗီဇမျိုးကွဲ Omicron သည် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ခန့်တွင် ကူးစက်မှု စတင်ပျံ့နှံနေစဉ် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်မှုအပေါ် ဒေသခံများက ဝေဖန်ပြစ်တင်မှုများ ပြုလုပ်နေကြသည်။

Journal Download

Photo of three cats