တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်မှ ၉ မြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်မှ ၉ မြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်


မြို့တော်တောင်ကြီး အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုတို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက် ကြောင်း ယနေ့ နိုဝင်ဘာလ ၂၄ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရောဂါကူးစက်မှု များပြားသော မြို့နယ်များအား Stay at Home အစီအစည်တွင် အကျုံးဝင်ကြောင်း အမိန့်များ ထုတ်ပြန်ကြေညာခဲ့ရာ သက်ဆိုင်ရာမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာ လိုက်နာသဖြင့် လွန်ခဲ့သော ၁၄ ရက်အတွင်း ဓါတ်ခွဲအတည်ပြု လူနာသစ် ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ ကျန်းမာရေး အသိပညာ မြှင့်တင်မှုလုပ်ငန်းများအား အလေးထားဆောင်ရွက်လာခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များအနက် ၂၈ မြို့နယ်အား နိုဝင်ဘာလ ၂၅ ရက်မှ စတင်၍ ပယ်ဖျက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ မြို့နယ်များမှာ ပြည်တောင်စုနယ်မြေ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ကချင်ပြည်နယ်ရှိ ရွှေကူမြို့နယ်၊ မိုးကောင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်း မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ငါးဇွန်မြို့နယ်၊ တောင်သာမြို့နယ်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သီပေါမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

.

ယင်းမြို့နယ်များအား Stay at Home အစီအစဉ်မျ ပယ်ဖျက်ပြီးနောက်တွင်လည်း COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

မူလက ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ ခုတို့ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထား ခဲ့ရာ ယခုအခါ ၉ မြို့နယ်ကို ပယ်ဖျက်ပြီးဖြစ်သည့်အတွက် ရှမ်းပြည်နယ်အတွင်း Stay at Home အစီအစဉ် အကျုံးဝင်သည့်မြို့နယ် အနေဖြင့် တာချီလိတ် တစ်မြို့နယ်သာ ကျန်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats