မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် Nippon Foundation ဥက္ကဋ္ဌ ဆာဆာကာဝါ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်တို့သည် နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်ဟု သိရသည်။
.
ဆာဆာကာဝါ နှင့် SNLD ခေါင်းဆောင်များသည် အချိန် တစ်နာရီကြာ တွေ့ဆုံ၍ လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ ရှမ်းပြည်ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်ဟု SNLD က ထုတ်ပြန်ထားသည်။
.
" တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း၊ ဘယ်လို ဖြစ်နေတယ်၊ ကျွန်တော်တို့ ဘယ်လို ပြင်မယ်၊ ဘယ်လို သဘောထားတယ် ဆိုတာ ဆွေးနွေးဖြစ်ပါတယ်။ နောက်တစ်ပိုင်းကတော့ ရှမ်းပြည်ကိစ္စပေါ့။ ရှမ်းပြည်မှာ တိုက်ပွဲဖြစ်နေတာတွေ၊ စစ်ဘေးရှောင်တွေကို ကူညီဖို့တွေ၊ ရှမ်းပြည်မှာ ရှိတဲ့ စီးပွားရေးပိုင်းဆိုင်ရာတွေမှာ ဂျပန်အနေနဲ့ လာပြီး ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ရှမ်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကူပေးဖို့ ပြောခဲ့ပါတယ်။ သူတို့ဘက်က ပြောတာလည်း ရှမ်းပြည်မှာ ကျောင်းပေါင်း ၄၀၀ ကျော်လောက် ဆောက်ထားခဲ့တာ ရှိတယ်လို့ ပြောပါတယ်။ ဗမာပြည်တစ်ခုလုံးနဲ့ ဆိုရင်တော့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး အကြပ်အတည်းကို ဆွေးနွေးကြပါတယ်။ သူ့ဘက်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံး လာတာဆိုတော့ သိပ် အများကြီးတော့ ဆွေးနွေးတာ မရှိဘူး။ နားထောင်တဲ့ အပိုင်း ပို များပါတယ်။ " ဟု တွေ့ဆုံ ဆွေးနွေးမှု အခြေအနေနှင့် ပတ်သက်၍ စိုင်းကျော်ညွန့်က သျှမ်းသံတော်ဆင့်သို့ ပြောဆိုထားသည်။
.
ဆာဆာကာဝါ အနေဖြင့် မြန်မာနိုင်ငံသို့ အကြိမ်ရေ ၁၄၀ ကျော်ထိ လာရောက်ခဲ့ဖူးသော်လည်း SNLD နှင့် တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု စိုင်းကျော်ညွန့်၏ ပြောဆိုမှုအရ သိရသည်။