တောင်ကြီးမြို့နယ် အတွင်းရှိ မြို့ပေါ် ရပ်ကွက် အချို့နှင့် ကျေးရွာများတွင် COVID-19 စစ်ဆေးခြင်းနှင့် ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများကို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးနေသည်ဟု သိရသည်။
.
ထို့အတူ မြို့ပေါ် ရပ်ကွက်အချို့တွင်လည်း စုရပ်များ သတ်မှတ်၍ COVID-19 စစ်ဆေးခြင်းနှင့် ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများကို ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
.
ယင်းကဲ့သို့ ဆောင်ရွက်မှုကို ဒီဇင်ဘာလ ၃ ရက်ထိ နေ့စဉ် နံနက် ၈ နာရီမှ နေ့လယ် ၂ နာရီထိ သတ်မှတ်ဇုန်အလိုက် ဆေးထိုးအဖွဲ့များက ကွင်းဆင်း ဆောင်ရွက်ပေးနေကြောင်းနှင့် တစ်ကြိမ်တစ်ခါမျှ ဆေးမထိုးရသေးသည့် ပုဂ္ဂိုလ်များအနေဖြင့် ရပ်ကွက်အတွင်း ဆေးထိုးအဖွဲ့များ လာရောက်ပါက ဆေးထိုးကြရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
ထို့အပြင် လျာထားချက်ထက် လူဦးရေ များပါကလည်း လာရောက်သူ အားလုံးကို COVID-19 စစ်ဆေးပြီးနောက် ကာကွယ်ဆေး ထိုးနှံနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
.
Stay at Home သတ်မှတ်ထားသည့်အပြင် COVID-19 ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဦးစားပေး ဆောင်ရွက်မည့် မြို့နယ်အဖြစ် သတ်မှတ်ထားသော တောင်ကြီးမြို့နယ်တွင် တတိယလှိုင်းကာလအတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၅၇၀၀ ဦးကျော် တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၅၀ ဦးကျော် သေဆုံးခဲ့ရသည်။