ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်ရှိ ရပ်ကွက်များတွင် တစ်အိမ်တက်၊ တစ်အိမ်ဆင်း စနစ်ဖြင့် သံသယရှိသူများအား COVID-19 စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
.
မြို့ပေါ် ၆ ရပ်ကွက်အတွင်း၌ ရပ်ကွက်အလိုက်၊ လမ်းအလိုက် အပူချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်း၊ သံသယရှိသူများအား RDT ဖြင့် စစ်ဆေးခြင်းများကို နိုဝင်ဘာလ ၁၇ ရက်မှ စတင် ပြုလုပ်နေခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ စစ်ဆေးရာတွင် COVID-19 ပိုး မတွေ့သူများကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် အစီအစဉ်အား နိုဝင်ဘာလ ၃၀ ရက်ထိ အဖွဲ့ ၃ ဖွဲ့ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ တစ်အိမ်တက်၊ တစ်အိမ်ဆင်း စနစ်ဖြင့် စစ်ဆေးခြင်း အစီအစဉ်ကို ဒေသခံအချို့က လူမှုကွန်ရက်မှတဆင့် ပြစ်တင် ဝေဖန်မှုများ ပြုလုပ်နေကြသည်ကိုလည်း တွေ့ရသည်။
.
ဟိုပုံးမြို့နယ်တွင် တတိယလှိုင်း ကာလအတွင်း နိုဝင်ဘာလ ၁၉ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၅၁၇ ဦး တွေ့ရှိခဲ့ပြီး၊ ယင်းအနက် ၃၇ ဦး သေဆုံး၍ ၁၃၈၅ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။