ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ မြို့မဈေးနှင့် ငါးရက်တစ်ဈေးများကို ၁၄ ရက် ပိတ်ခိုင်းထားသည်ဟု သိရသည်။
.
နေ့စဉ် ပုံမှန် ရောင်းချနေသည့် ဟင်းသီးဟင်းရွက်၊ အသားငါး၊ စားသောက်ကုန် ရောင်းချသည့် ဆိုင်များမှ အပ မြို့မဈေးနှင့် ငါးရက်တစ်ဈေးများကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍ ၁၄ ရက် ပိတ်ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ မြို့နယ် အတွင်းရှိ စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့် မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ကိုလည်း ကြေညာထားသည်။
.
ပင်လောင်းမြို့နယ်ကို Local Semi- Lockdown သတ်မှတ်ထားရာ ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်က ယင်း သတ်မှတ်ချက် ပြည့်ပြီ ဖြစ်သော်လည်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု ပိုမိုလျော့နည်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
လက်ရှိ COVID-19 တတိယလှိုင်း ကာလအတွင်း၌ ပင်လောင်းမြို့နယ်တွင် COVID-19 ပိုး ရှိသူ စုစုပေါင်း ၂၃၃၉ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၃ ဦး သေဆုံးခဲ့ရသည်။