ဘဏ်များက မြန်မာ ကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် အချိုးအား ဘဏ်များ၏ စာရင်းရှင်အပ်ငွေ (CAB) အပြင် ဘဏ်များရှိ လက်ဝယ်ရှိ ငွေသား (Cash at Bank) ကို ထည့်သွင်း တွက်ချက်ရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။
.
မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက် အချိုး ၃ ရာခိုင်နှုန်း၏ ၇၅ ရာခိုင်နှုန်း (၂ ဒသမ ၂၅ ရာခိုင်နှုန်း) အား ဘဏ်များ၏ စာရင်းရှင်အပ်ငွေ (CAB) ဖြင့် ထားရှိရန်နှင့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက် အချိုး ၃ ရာခိုင်နှုန်း၏ ၂၅ ရာခိုင်နှုန်း (၀ ဒသမ ၇၅ ရာခိုင်နှုန်း) အား ဘဏ်များ လက်ဝယ်ရှိ ငွေသား (Cash at Bank) ဖြင့် ထားရှိရန် ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
စစ်ကောင်စီ၏ ဗဟိုဘဏ်သည် ယင်းကဲ့သို့ ပြင်ဆင်သတ်မှတ်မှုအား နိုဝင်ဘာလ ၂၅ ရက်တွင် ညွှန်ကြားချက်အမှတ် (၁၉/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် တွက်ချက်မှု ပုံစံသစ်အား ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်အထိ ထိန်းသိမ်းမှုကာလမှ စတင် ဆောင်ရွက်မည် ဖြစ်ပြီး ၆ လ ယာယီ အသုံးပြုသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ဘဏ်သည် ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်တွင် ပျမ်းမျှစာရင်းရှင်အပ်ငွေ (Average CAB) အရလည်းကောင်း၊ ပျမ်းမျှ လက်ဝယ်ရှိငွေသား (Average Cash) အရ လည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်းကို ပြည့်မီမှု မရှိပါက အဆိုပါဘဏ်အား အနည်းဆုံးသီးသန့် ငွေလိုအပ်ချက်လိုက်နာမှု မရှိသော ဘဏ်အဖြစ် သတ်မှတ်၍ ဗဟိုဘဏ်၏ ဒဏ်ကြေးဆိုင်ရာ ညွှန်ကြားချက် (၁၂/၂၀၁၆) ပါအတိုင်း ဒဏ်ကြေးပေးဆောင်စေမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။
.
လက်ရှိ မြေပြင် အခြေအနေများတွင် ဘဏ်များ၌ အပ်နှံထားရှိသော ငွေစာရင်း ပိုင်ရှင်များသည် မိမိပိုင် ငွေကြေးကို လွယ်လင့်တကူ ထုတ်ယူနိုင်မှု မရှိကြဘဲ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲ မျိုးစုံကို ရင်ဆိုင်နေကြရသည်။