ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ နိုဝင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွား ကားလမ်း၊ ယုန်တောင်ကျေးရွာ အနီးတွင် ရွာငံမှ ဟန်မြင့်မိုရ်ဘက်သို့ ဇော်မင်းဦး(ခ) တာတေကြီး မောင်းနှင်လာသည့် Probox မော်တော်ယာဉ်ကို ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ယင်းနေ့ နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၌ ဒေသကာလ တန်ဖိုးငွေကျပ် ၄၇၉၆ သိန်း တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၉ ဒသမ ၉၅ ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းမိသူများကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC က ထုတ်ပြန်ထားသည်။