ရိုးမအလှရဲ့တန်ဆောင်တိုင်ည (ဝတ္ထုတို) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရိုးမအလှရဲ့တန်ဆောင်တိုင်ည (ဝတ္ထုတို)


ရှမ်းရိုးမထက်ကို အလည်လာဖို့ဖြင့်ဆို အပျော်ရွှင်ဆုံးရှိမယ့် လတန်ဆောင်တိုင် လှမ်းခဲ့ဖို့ဖိတ်ခေါ်တယ် မြန်ပြည်အနှံ့ချစ်ဆွေတွေ သြော် တစ်ခါတစ်ခေါက်ဖြင့်ရောက်စေ့ချင် နှင်းကလေးများကြားမှာ သာယာသောမြို့တော် စည်ပင်တဲ့ဗုဒ္ဓရဲ့ကထိန်ပွဲ မြူးကြွကြွအိုးစည် ဗေထုံတီးဘဝဂ်ညံ ပြိုင်ဆင်နွှဲမိုးထက်မီးပုံးပျံ

.

နိုင်ငံကျော်အဆိုတော် ခွန်သန်းထွန်း ရေးသားသီကုံးထားတဲ့ ရိုးရာဖွဲ့တေးတစ်ပုဒ်။ တောင်ကြီးသားအဆိုတော် ဘိုဖြူ ပြန်လည်သီဆိုထားတဲ့သီချင်း။ ခေါင်းစဉ်က “ရိုးမရဲ့အလှ”

.

မြူးကြွလှပတဲ့ တောင်ပေါ်ဒေသဖွဲ့သီချင်းကို လေသံအေးအေးနဲ့ ညည်းနေတာ ကိုအယ်ဦး။

.

မီးရှူး၊ ခိုပျံ၊ ရောင်စုံယမ်းထုပ်စပ်ဖို့ ယမ်းစိမ်းနဲ့ ကျွန်းသားမီးသွေးရောထည့်ထားတဲ့ သစ်သားငရုတ်ဆုံကို အချက်ကျကျ ထောင်းလိုက်၊ သီချင်းလေးညည်းလိုက်နဲ့ ပတ်ဝန်းကျင်ကို မေ့နေပုံရတယ်။

.

ကိုအယ်ဦးက ကျွန်တော်တို့ရပ်ကွက်ရဲ့ ကာလသားခေါင်းဆောင်။ အိမ်ထောင်မရှိ၊ တစ်ကိုယ်တည်း လူပျိုကြီး။ လူပျိုကြီး ဆိုတဲ့နေရာမှာတောင် သက်တမ်းလွန် လူပျိုကြီးလို့ ပြောရမယ်ထင်တယ်။ အသက်က လေးဆယ်ခပ်ပါးပါး ကျော်စပြုနေပြီ။ ပျော်ပျော်နေတတ်တယ်။ ရပ်ကွက်ထဲက အမြင်မတော်တာ ကူညီစရာတွေ့ရင် ကလေးလူကြီး လူမျိုးဘာသာ ခွဲခြားစိတ်မရှိဘဲ စိတ်ပါလက်ပါ ကူညီတတ်လို့ တစ်ရပ်ကွက်လုံးက ချစ်ခင်လေးစားတဲ့လူတစ်ယောက် ဆိုပါတော့။ သာရေးနာရေး ဘာပွဲရှိရှိ အခေါ်လွှတ်စရာမလိုအောင် ထိပ်ဆုံးကရောက်ပြီးသား။ ကူညီတဲ့နေရာမှာလည်း ဆိုတီးစားပြန် လူမြင်ကောင်းရုံလုပ်တာမဟုတ်ဘူး။ ပွဲစပွဲဆုံး အိမ်မပြန်တမ်း အောက်ခြေသိမ်းကအစ ကူညီတတ်တာ။ အဲဒီတော့ အကြောင်းကြီးငယ်ဘာကိစ္စရှိရှိ ကိုအယ်ဦးလက်ထဲ ဝကွက်အပ်လိုက်ကြတာများတယ်။

.

အခုလည်းကြည့်။ ကျွန်တော်တို့ရပ်ကွက် တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲဝင်မယ် ဆိုတည်းက ကိုအယ်ဦးတစ်ယောက် အိမ်စောင့်နတ်နဲ့ ခဏတာလမ်းခွဲပြီး မီးပုံးပျံလုပ်တဲ့ ရပ်ကွက်စာကြည့်တိုက် ရောက်နေတာ နှစ်လကျော်လောက်တောင် ရှိနေပြီ။ သူကိုယ်တိုင် မီးပုံးပျံဝါသနာအိုးဖြစ်တာရယ်၊ ပြိုင်ပွဲမဝင်တာကြာတဲ့ရပ်ကွက်က ဒီနှစ်မှ တစ်ကျော့ ပြန်ပြိုင်ပွဲဝင်မှာဖြစ်တာကြောင့် ထမင်းစားချိန်၊ ရေချိုးချိန်ကလွဲပြီး အိမ်ပြန်တယ်လို့ကို မရှိဘူး။ ပွဲပြီးတာနဲ့ အယ်ဦးနဲ့ စာကြည့်တိုက်စောင့်နတ် ညားသွားမယ်လို့ ရပ်ကွက်ထဲကလူတွေ စကြနောက်ကြတဲ့အထိ။ မီးပုံးပျံလုပ်တဲ့အဖွဲ့တွေကို ရပ်ကွက်စေတနာရှင်တွေက စားသောက်စရာတွေ ချက်ပြုတ်လာပို့ပေးတဲ့နေ့ဆို ကိုအယ်ဦး သူ့အိမ်ဘက် ခြေဦးတောင် ပြန်မလှည့်တော့ဘူး။ တစ်ခါတစ်လေ နှစ်ရက်သုံးရက်မှ တစ်ခါလောက်ပြန်တတ်တယ်။

.


ချမ်းသာရပ်ကွက်၊ ရှေ့သို့လူငယ်မီးအတွက် ကိုအယ်ဦးက တစ်ပင်တိုင်မင်းသားကြီးပေါ့။ မီးပုံးပျံ ကိုယ်ထည်အပိုင်း ပြီးလို့ ယမ်းစပ်တဲ့အချိန် ဖြစ်တဲ့အတွက် စာကြည့်တိုက်ထဲမှာ လူများများစားစား ရှိမနေဘူး။ ယမ်းဆရာနှစ်ယောက် ဖြစ်တဲ့ ကိုထွေးကြီး၊ ကိုဖိုးလုံး၊ မီးရှူးခိုပျံရိုက်မယ့်လူငယ် လေးငါးယောက်နဲ့ တစ်ပင်တိုင်မင်းသားကြီး ကိုအယ်ဦးတို့ပဲ စာကြည့်တိုက်ထဲမှာ ရှိနေတယ်။ သစ်သားငရုတ်ဆုံထဲက ယမ်းစိမ်းနဲ့ ကျွန်းမီးသွေးရောရာကို ထောင်းလိုက် သီချင်းလေး ညည်းလိုက်လုပ်နေတဲ့ ကိုအယ်ဦးကို ယမ်းဆရာကိုထွေးကြီး လှမ်းသတိပေးတယ်။

.

“အယ်ဦးရေ သီချင်းဆိုတာလည်းဆို၊ ယမ်းထောင်းတာလည်း  ဂရုစိုက်ဦး။ မတော်တဆဆိုတာ ဘယ်နေရာဖြစ်မယ် ပြောလို့ရတာမဟုတ်ဘူး။ နေရင်းထိုင်ရင်းတောင် ယမ်းတွေက ထထလောင်နေတာ။ စိတ်လွတ်ပြီး အားကုန် မထောင်းမိစေနဲ့”

.

“စိတ်ချပါကိုထွေးကြီး ပြိုင်ပွဲဝင်ခဲ့တဲ့နှစ်တိုင်းကျွန်တော်ပဲ ပင်တိုင်ယမ်းထောင်းလာတာ လက်က စကေး ကျနေပြီးသားပါ။ ဒါနဲ့ကိုထွေးကြီးရေ ဒီနေ့တော့ မနက်တစ်ပိုင်း ယမ်းထောင်းပြီးတာနဲ့ နေ့ခင်းပိုင်း မြို့လုံးကျွတ် ဘုံကထိန်အတွက် ပဒေသာပင်သီးဖို့ အလှူခံမဏ္ဍပ် သွားလိုက်ဦးမယ်ဗျာ။ ညကျမှဒီကိုပြန်လာခဲ့မယ်”

.

ဟုတ်ပါတယ်။ ရပ်ကွက်မီးပုံးပျံပြိုင်ပွဲဝင်တဲ့နှစ်တိုင်း ကိုအယ်ဦးက ယမ်းထောင်းတဲ့အပိုင်း အမြဲတမ်းတာဝန်ယူနေကျ။ စိတ်ရှည်လက်ရှည် ဖြည်းဖြည်းမှန်မှန် လုပ်ရတဲ့အလုပ်ဖြစ်တာကြောင့် ယမ်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် တွေ့ကရာလူ ဝင်လုပ်လို့မရဘူး။ ပုံမှန်လုပ်နေကျ လက်စလက်နရှိတဲ့လူနဲ့ အမှန်တကယ် တတ်သိနားလည်တဲ့ ယမ်းဆရာတွေသာ  စနစ်တကျ လုပ်ကိုင်ရတယ်။ ဒီလိုအသေချာလုပ်ကိုင်နေတဲ့ကြားကတောင် မီးပုံးပျံချိန်ခါရာသီရောက်တိုင်း ယမ်းလောင်၊ ယမ်းကွဲ မတော်တဆမှုက နှစ်တိုင်းလို ဖြစ်တတ်တယ်။ ကိုအယ်ဦးရဲ့ လက်စလက်နကို ယုံပေမဲ့ မတော်တဆမှုဆိုတာ မမျှော်လင့်ဘဲ ဖြစ်တတ်လို့ ကိုထွေးကြီးက သတိပေးလိုက်တာပါ။

.

“မင်းသွားစရာရှိတာသွားလေ အယ်ဦး။ ဒီမှာလည်း လုပ်မယ့်လူတွေ ရှိနေတာပဲ။ ဘုံကထိန်အတွက် ပဒေသာပင် ကလည်း အရေးကြီးတယ်။ ခုချိန်လောက်စထားမှ အဖိတ်နေ့အမီ ကိုယ့်ပဒေသာပင်ကို ထိုက်ထိုက်တန်တန် သီးလို့ရမှာ။ ကျန်တဲ့လူတွေက အလုပ်တစ်ဖက်နဲ့ဆိုတော့ မင်းလိုအချိန်ပြည့်မနေနိုင်ကြဘူး”

.

ကိုထွေးကြီးစကားဆုံးတာနဲ့ ထောင်းလက်စယမ်းကို လက်စသတ်ပြီး ပဒေသာပင်အတွက် အလှူခံမယ့် ရပ်ကွက်ထိပ်ကို ကိုအယ်ဦး ထွက်သွားပါတယ်။

.

သူ့စိတ်ရင်းအမှန် မသိနားမလည်တဲ့လူတချို့က ပါလေရာငပိချက်လို့ ပြောကြတယ်။ ဘယ်သူတွေဘာပြောပြော သူကစိတ်မဆိုးဘူး။ တတ်နိုင်သလောက် အကူအညီပေးမြဲပါပဲ။ နေ့ညမပျက် နှစ်လကျော် မီးပုံးပျံလုပ်ရင်း အဖိတ်နေ့ မြို့လုံးကျွတ်ဘုံကထိန် ပဒေသာပင်အတွက် အလှူခံမယ့်ကိစ္စ လှမ်းပူတာပဲကြည့်။ မီးပုံးပျံလုပ်တာအပြင် ပဒေသာပင် အတွက် အလှူခံတာ ပွဲနေ့မရောက်မချင်း ရပ်ကွက်ထဲက လှူထားသမျှပစ္စည်း သူပဲဒိုင်ခံသိမ်းတာဆိုတော့ စိတ်ပူမယ် ဆိုလည်း ပူချင်စရာ။ အခန့်မသင့် ပျောက်တာရှတာ၊ ကွဲတာပျက်တာဖြစ်ရင် အလှူရှင်ကို မျက်နှာပျက်စရာ ဖြစ်နိုင်တယ်မဟုတ်လား။ ရပ်ရေးရွာရေးအတွက် အိုးပစ်အိမ်ပစ် နောက်ကြောင်းအေးအေး ကူညီလုပ်ကိုင်ပေးတတ်တဲ့ ကိုအယ်ဦးလိုလူက အရှားသား။ ရပ်ကွက်ထိပ် အလှူခံမဏ္ဍပ်နားရောက်တာနဲ့

.

“သူကြီးရေ ကျွန်တော်ရောက်ပြီ၊ နားချင်လည်းပြန်နားတော့။ အလှူခံမယ့်ကိစ္စ ကျွန်တော်ဆက်လုပ်ထားလိုက်မယ်။ နေ့လည်စာ မစားရသေးလို့ အိမ်နားရောက်ရင် ထမင်းချိုင့်လာပို့ဖို့ ပြောလိုက်ပါဦး”

.

“အေးလာကွာ အယ်ဦးရေ။ ငါလည်းဗိုက်ဆာနေပြီ။ ဒီနေ့ဘယ်သူမှရောက်မလာသေးလို့ စောင့်နေတာ။ မင်းလာတာနဲ့ အတော်ပဲ။ အိမ်ပြန်ထမင်းစားပြီး ခနလောက်နားလိုက်ဦးမယ်။ ညနေမှ ပြန်ဆင်းလာခဲ့မယ်။ မင်းပဲ ကြည့်လုပ်ထား လိုက်တော့”

.

ဗိုက်ဆာလွန်းလို့ထင်ပါတယ်။ အလှူခံမဏ္ဍပ်မှာထိုင်ပြီး မျက်နှာက လ ငပုပ်ဖမ်းသလိုဖြစ်နေတဲ့ နယ်မြေမှူး ဦးသန်းလှ တစ်ယောက် ကိုအယ်ဦးအသံကြားတာနဲ့ လုပ်လက်စ အကုန်ချပြီး အိမ်ဘက်သုတ်ခြေတင် ပြေးပါလေရော။

.

“သူကြီးရေ ကျွန်တော်အတွက်လည်း ထမင်းချိုင့်လာပို့ခိုင်းလိုက်ဦးဗျ။ မေ့မနေနဲ့ဦး၊ ဗိုက်ကအတော်ဆာနေပြီ” ဆိုတဲ့ ကိုအယ်ဦးအသံတောင် အကြောင်းမပြန်နိုင်လောက်အောင်ပါ။ တစ်ခါတစ်ခါ အရပ်ထဲလူတွေက ပြောကြတယ်။ အယ်ဦး ဆိုတဲ့ကောင်က ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား အလကားကျောင်းတဲ့ကောင်တဲ့။ မနက်စာ အိမ်က စားပြီးတာနဲ့ မီးပုံးပျံအတွက် ယမ်းသွားထောင်း။ နေ့ခင်းပိုင်း ပဒေသာပင်အတွက် အလှူခံမဏ္ဍပ်ထိုင်။ စားဖို့သောက်ဖို့ အိမ်က ထမင်းချိုင့်လာပို့ခိုင်းတာကိုပဲကြည့်။ အမှန်တကယ်က သူရဲ့ ဖြူစင်တဲ့စိတ်ရင်းပါ။ သူ့ကြောင့် တစ်ခြားလူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး။ အိမ်မှာရှိတဲ့ သူ့အမေနဲ့ အစ်မကတော့ အခုလိုအချိန်အခါရောက်တိုင်း ကိုအယ်ဦးဒဏ် ခံကြရတာပေါ့။ ကျန်တဲ့အချိန် အိမ်အလုပ်မှန်သမျှ ဒိုင်ခံလုပ်နေတော့ သူတို့ခမျာ ဒီအချိန်ကိုမပြောသာဘူး။

.

ကိုအယ်ဦးက ရပ်ကွက်သာရေးနာရေးကိစ္စတွေအပြင် သူ့အိမ်အတွက်လည်း တော်တော်ကြီး အားကိုးအားထား ပြုရတဲ့ လူတစ်ယောက်ပါ။ သူ့အမေနဲ့အစ်မက ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်လေးဖွင့်ထားတယ်။ သင့်တင့်တဲ့ဈေးနှုန်း ပြေပြစ်တဲ့ ဆက်ဆံရေးကြောင့် နေ့ညမပြတ် ဝယ်သူများတဲ့ဆိုင်။ အဲဒီဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းမှန်သမျှ လက်ကားဖြန့်တဲ့ ဆိုင်ကြီးတွေကို အဝယ်တော်ထွက်ရတာ ကိုအယ်ဦး။ ဆိုင်မှာ ဈေးဝယ်လာတဲ့လူတွေ အဆင်ပြေအောင် လုပ်ကိုင်ပေး တာလည်းသူ။ သက်ကြီးရွယ်အို ဈေးဝယ်သူတွေ မနိုင်မနင်းဖြစ်ရင် အိမ်တိုင်ရာရောက် လိုက်ပို့ပေးတာလည်းသူ။ အခုလို မြို့လုံးကျွတ်မဟာဘုံကထိန်နဲ့ တန်ဆောင်တိုင်မီးပုံပျံပွဲတော်ကာလအတွင်း အိမ်မကပ်၊ ဆိုင်မကူနိုင်တာ ချွင်းချက်တစ်ခုပေါ့။

.

“အခုလိုလှူဒါန်းရတဲ့အကျိုးကြောင့် ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ နှစ်စဉ်နှစ်တိုင်း ဆထက်ထမ်းပိုး လှူဒါန်းနိုင်ပါစေ။ စီးပွားဥစ္စာ ဒီရေအလား တိုးတက်ပါစေ။ ရတာမလို လိုတာမရဖြစ်နေတဲ့ အိမ်ထောင်ရက်သားလည်း အမြန်ဆုံးကျပါစေဗျား ဟား . . . ဟား . . . ဟား . . .”

.

“ဟဲ့မသာ အလှူအတန်းလုပ်တဲ့အချိန် စေတနာပျက်အောင် လာမလုပ်နဲ့နော်။ ရတာမလို လိုတာမရ မဟုတ်ဘူးဟဲ့။ အပူပင်ကင်းချင်လို့ လာသမျှတောက်ချထားတာ။ နန်းမူတို့က မျက်လုံးတစ်ချက်ဝင့်တာနဲ့ အိမ်ပေါက်ဝ လာတန်းစီမယ့်လူတွေဆိုတာ မီးပုံးပျံကွင်းထဲကလူထက်တောင် များသွားမယ် ဟင်း . . . ဟင်း . . .”

.


ပဒေသာပင်အတွက် ပစ္စည်းလာလှူတဲ့ အပျိုကြီး မနန်းမူနဲ့ ကိုအယ်ဦးတို့နှစ်ယောက် အတိုင်အဖောက်ညီနေကြတာ။ သူတို့နှစ်ယောက်အသက်က မတိမ်းမယိမ်း၊ လူပျိုကြီးအပျိုကြီးတွေ။ နောက် တစ်ချိန်က အလွန်အင်မတန်ချစ်ကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူရည်စား။ အခုလည်း ဇာတ်လမ်းက ပြတ်တယ်လို့တော့မဟုတ်ဘူး။ ကိုအယ်ဦးနဲ့ မနန်းမူ အဖေက တစ်စောင်းစေးနဲ့မျက်ချေး၊ သိကြားနဲ့အသူရာ၊ မျက်နှာချင်းဆိုင်တာနဲ့ တစ်စက်လေးမှ လမိုင်းမကပ်လို့ ခုချိန်ထိ သူတို့နှစ်ယောက် ပြန်ပေါင်းထုပ်လို့မရတာ။ မတော်ရသေးတဲ့ ယောက္ခထီးနဲ့ ကိုအယ်ဦးက မတည့်မယ့်သာမတည့်တာ ပြဿနာက ကြီးကြီးမားမားမဟုတ်ဘူး။ သာရေးနာရေးကိစ္စပေါ်တိုင်း ရှေ့ဆုံးတန်းက မခိုမကပ်လုပ်တတ်တဲ့ ကိုအယ်ဦးနဲ့ မနန်းမူအဖေ ထိပ်တိုက်တိုးတဲ့အခါတွေရှိတယ်။ ရှေးလူကြီးအမြင် ခေတ်လူငယ်အမြင် ငြင်းခုံရင်း သူကတင်း ကိုယ်ကတင်းနဲ့ အလိုလိုနေရင်း သူတို့ဇာတ်ပါ တစ်ခန်းရပ်ဖြစ်နေတာ။

.

“အယ်ဦးရေ မီးပုံးပျံလုပ်တာလုပ်၊ အလှူခံတာလည်းခံ၊ လပြည့်ညမီးပဒေသာလှည့်မယ့်ဘက်လည်း သွားကြည့်ဦးဟ၊ ပုံဖော်မယ့် မီးကြာခွက်တွေ အရောင်မှားရင် လှည့်တဲ့အချိန် ပြန်ပြင်လို့မလွယ်ဘူး။ နေလည်းဝင်တော့မယ်။ သိမ်းစရာရှိတာသိမ်းပြီး ပြန်ကျရအောင်”

.

နေ့လည်က လ ငပုပ်ဖမ်းသလိုမျက်နှာပေးနဲ့ အိမ်ကိုသုတ်ခြေတင်ပြေးတဲ့ နယ်မြေမှူး၊ ညနေစောင်း စခန်းသိမ်းကာနီး ရောက်လာတော့ သူမဟုတ်တဲ့အတိုင်း။ နေ့ခင်းတစ်ပိုင်းလုံး အိမ်မှာပြန်နှပ်နေတဲ့လူက ရောက်တာနဲ့ ပြန်ကြရအောင် ဆိုတာကအရင်။ ဘယ်နေရာမှ အလွတ်မပေးဘဲ ထောင့်စေ့အောင်က ခိုင်းတတ်သေးတယ်။

.

“သာသာလုပ်ပါ သူကြီးရယ်။ ကျုပ်က ပါလေရာဆိုပေမဲ့ စက်ရုပ်မဟုတ်ဘူးလေဗျာ။ တစ်ခုပြီးမှတစ်ခုလုပ်လို့မှရမှာပေါ့။ စိတ်ပူမနေနဲ့။ မီးပဒေသာအတွက်လည်း အားလုံးအဆင်ပြေအောင် စီစဉ်ပြီးသား။ ဒါတွေသိမ်းပြီးတာနဲ့ အိမ်ပြန် ထမင်းစားပြီး ကျွန်တော်ဝင်ကြည့်လိုက်မယ်”

.

“အေးပါကွာ။ မင်းရှိနေလို့လည်း ငါတို့လူကြီးပိုင်းက စိတ်ချလက်ချနေလို့ရတာ။ ညကျရင် ယမ်းစပ်တဲ့ စာကြည့်တိုက် လည်း သွားလိုက်ဦး။ ကလေးတွေ မီးရှူးခိုပျံစမ်းရင်း နောက်ပြန်လှည့်ဝင်လာလို့ အားလုံးဒုက္ခရောက်ကုန်ဦးမယ်”

.

နယ်မြေမှူးပြောတဲ့အထဲမှာ ဒီတစ်ချက်က တော်တော်အရေးကြီးတယ်။ ညမီးကြီး မီးပုံးပျံတစ်လုံးလုပ်တဲ့အချိန်၊ ယမ်းစပ်တဲ့အပိုင်းက အရေးကြီးသလို အန္တရယ်လည်းများတယ်။ အခန့်မသင့်လို့ တစ်ခုခုဆိုတာနဲ့ ပေးဆပ်ရမယ့် တန်ဖိုးမနည်းဘူး။ မီးပုံးပျံချိန်ခါရောက်တိုင်း ယမ်းလောင်၊ ယမ်းကွဲလို့ အိမ်ဆုံးရှုံးတာ၊ လူ့အသက် ဖိတ်စင်တာတွေ ရှိခဲ့ဖူးတယ်မဟုတ်လား။ ငွေကုန်ကြေးကျများတာနဲ့ အန္တရယ်များတဲ့အလုပ်ကို ဘာလို့လုပ်ကြလည်းလို့ တချို့က မေးတယ်။ အဓိကအချက်က တောင်ပေါ်သားတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသလိုခြင်းပေါ့။ မီးပုံးပျံတစ်လုံးလွှတ်ဖို့ လနဲ့ချီကြာအောင် ပြင်ဆင်ရတယ်။ အဲဒီအတွက် စည်းလုံးညီညွတ်မှုမရှိဘဲ အောင်မြင်တဲ့ပန်းတိုင် မရောက်နိုင်ဘူး။ နောက်တစ်ချက်က ရှမ်းပြည်နယ်ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို လက်ဆင့်ကမ်းထိမ်းသိမ်းကြတာ။

.

ပွဲတော်နီးကပ်လာတာနဲ့ လွမ်းရောင်သမ်းတဲ့ ရှမ်းတောင်တန်းပေါ်မှာ ဗုံမောင်းလင်းကွင်းသံတွေတညံညံ။ တစ်မူးရလို့ တစ်ပဲလှူဆိုသလို တောင်ပေါ်တိုင်းရင်းသားညီအစ်ကိုအားလုံး ပါဝင်ဆင်နွှဲတဲ့ တောင်ကျောင်းကြီးဘုံကထိန်၊ ကားပွဲစားဘုံကထိန်၊ အမှတ် (၅)၊ အမှတ် (၆) အစရှိတဲ့ မြို့တွင်းဆွဲလိုင်းကားဘုံကထိန်၊ ကျောင်းသားကျောင်းသူတွေ စုပေါင်းလှူဒါန်းတဲ့ ဘုံကထိန်ပဒေသာပင်လှည့်ပွဲတွေ တောင်ကြီးမြို့ပေါ်မှာ နေ့စဉ်လို တွေ့လာရပါတယ်။ ကျွန်တော်တို့ ဇာတ်လိုက်ကျော် တစ်ပင်တိုင်မင်းသားကြီး ကိုအယ်ဦး အလုပ်ရှုပ်ဆုံးအချိန်လို့ ပြောရမှာပေါ့။ မီးပုံးပျံလုပ်တဲ့နေရာလည်းသူ၊ မီးပဒေသာလည်း သူ့လက်နဲ့မလွတ်၊ အဖိတ်နေ့ မြို့လုံးကျွတ်ဘုံကထိန်အတွက် ပဒေသာပင် သီးတော့လည်း ကိုအယ်ဦးထိပ်ဆုံးက။ ဒီကြားထဲ လစ်ရင်လစ်သလို မနန်းမူကို ကြိတ်ပိုး ပြန်လုပ်နေရသေးတယ်။

.

“နန်းမူ နင့်အဖေသဘောမတူလည်း မတတ်နိုင်ဘူးဟာ။ ဒီတန်ဆောင်ပွဲပြီးရင် ငါတို့ခိုးပြေးရအောင်။ အသက် တွေလည်းမ ငယ်တော့ဘူးဟ။ ပြဿနာကြီးကြီးမားမားမရှိဘဲ သက်သက်မဲ့ နင့်အဖေ ကဖျက်ကယက်လုပ်တာ နင်လည်းသိနေတာပဲ။ ပွဲပြီးတာနဲ့ ခိုးပြေးဖို့အတွက် ကိုထွေးကြီးတို့နဲ့ ငါတိုင်ပင်ထားပြီးပြီ။ နောက် ငါတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မုန်းနေကြတာလည်း မဟုတ်ဘူး။ အဲဒါနင်သေချာစဉ်းစားထားအုံး”

.

မီးပုံးပျံလုပ်တဲ့လူတွေ အဆာပြေစားဖို့ လက်ဖက်သုပ်နဲ့ မုန့်လာပို့တဲ့ မနန်းမူကို စာကြည့်တိုက်စောင့်နတ်နဲ့ညားမယ့် ကိုအယ်ဦးက သူတို့ရှေ့ရေး သံချောင်းခေါက်နေတာ။ ဟုတ်တော့လည်းဟုတ်တယ်။ မနန်းမူကိုယ်တိုင် ကိုအယ်ဦး အပေါ် စိတ်ပြတ်လက်ပြတ် ဒုန်းဒုန်းချ မုန်းနေတာမဟုတ်ဘူး။ သူ့အဖေကို မလွန်ဆန်နိုင်လို့ နီးရက်နဲ့ ဝေးနေကြတာ။ လူပျိုအပျိုပေါက်တည်းက ငယ်ပေါင်းကြီးဖော် ချစ်သူရည်းစားတွေဆိုတော့ မတတ်သာလို့ ခပ်ခွာခွာနေရတဲ့အဖြစ်မျိုး။

.

“အေးပါ အယ်ဦးရယ်။ ငါလည်းအဲဒါကိုစဉ်းစားနေတာ။ ခက်တာကနင်နဲ့ငါယူလိုက်ပါပြီတဲ့။ အဖေနဲ့နင်က အရင်လို တဂျိမ်းဂျိမ်းဆို ဘယ့်နှယ့်လုပ်ကြမတုံး။ ကြားထဲကငါပဲစိတ်ညစ်ရမှာ”

.

“နောင်ခါလာနောင်ခါဈေးပေါ့ဟာ၊ ယောက္ခထီး သမက် တရားဝင်အစစ်ဖြစ်တော့လည်း ပုံစံတစ်မျိုးပြောင်းသွားမှာပေါ့။ အဓိက ကငါတို့နှစ်ယောက် အချိန်ရှိတုန်း ညားဖို့မဟုတ်ဘူးလား ဟီး . . . ဟီး . . .”

.

“တော်စမ်းပါ။ ကလေးကလားတွေလာပြောမနေနဲ့။ ပွဲပြီးတဲ့အထိ ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်းလုပ်၊ ယမ်းလုပ်တဲ့အချိန် သတိထားဦးနော်။ မနေ့က ဟိုဘက်ရပ်ကွက်မှာ လောင်ပြီးပြီ။ ငါပြန်တော့မယ်။ တော်ကြာ အဖေနဲ့တိုးလို့ ဟုတ်ပေ့ဖြစ်နေဦးမယ်”

.

“အေး ပြန်တော့လေနန်းမူ။ လမ်းမှာလည်း ဂရုစိုက်သွားဦး။ အခုလောလောဆယ်ဆယ်တော့ ငါလူပျိုကြီး ဆက်လုပ်လိုက်ဦးမယ် ဟဲ ဟဲ”

.

ကိုအယ်ဦးဆီ ရှိသမျှမျက်စောင်းအကုန်ပစ်ပြီး မနန်းမူ အိမ်ပြန်သွားပါလေရော။ ဒီအတိုင်းဆို သူတို့နှစ်ယောက်ဇာတ်က တန်ဆောင်တိုင်မီးပုံးပျံပွဲပြီးတာနဲ့ ဖိတ်စာဝေလို့ရမယ့်အနေအထားပေါ့။ သီချင်းတစ်အေးအေး မှိုရတဲ့မျက်နှာနဲ့ ရောင်စုံယမ်းထုပ်စပ်တဲ့ စာကြည့်တိုက်ထဲ ပြန်ဝင်လာတဲ့ ကိုအယ်ဦးကို မီးရှူးခိုပျံရိုက်နေတဲ့ ယမ်းဆရာ ကိုထွေးကြီးက လှမ်းနောက်တယ်။

.

“အယ်ဦး ငါတို့တွေဒီတစ်ခါ တကယ်လူကြမ်းလုပ်ရမှာပါနော်။ မင်းတို့အသက်အရွယ်နဲ့ လူကြမ်းလုပ်ရမှာ ငါတို့အတွက်တော့ ရာဇဝင်မှာ စာတင်တော့မယ်ထင်ပါရဲ့ကွာ ဟား . . . ဟား . . .”

.

“စိတ်ချကိုထွေးကြီးရေ အဖိုးကြီးဘယ်လောက်ဖျက်ဖျက် ဒီတစ်ခါတော့သေချာပေါက် နန်းမူကလည်း ကျွန်တော့်ကို ချစ်နေတာပဲ။ သူ့အဖေကြောင့်သာ အချိန်တွေကုန်ခဲ့ရတာ။ သိကြားမင်းဆင်းဖျက်တောင် မပျက်တော့ဘူး။ ပွဲပြီးတာနဲ့ ကိုထွေးကြီးတို့ဘက်ကသာ သေချာအောင်လုပ်ထား”

.

တွက်ရေးကတော့ စက်သူဌေး။ ပွဲပြီးမှ ဘာသံကြားရမယ် မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရပ်ကွက်ထဲလူတွေက သူတို့နှစ်ယောက် အမြန်ဆုံးနီးစပ်စေချင်တာတော့အမှန်။ ချစ်ကြိုက်လာတဲ့ နှစ်တွေက နည်းမှမနည်းတော့တာ။ တစ်ဦးနဲ့တစ်ယောက် အမှန်တကယ် ချစ်မြတ်နိုးလို့သာ ဒီအသက်အရွယ်ထိ လူပျိုကြီးအပျိုကြီး ဖြစ်နေကြတာပေါ့။ ကျန်တဲ့လူတွေသာဆို ဝမ်းဂိုး၊ တူးကမ်း၊ သရီးဝေး၊ ဖောရယ်ဒီ၊ ဖိုက်စတန်းဘိုင် ဖြစ်ကုန်လောက်ပြီ။ အံ့သြစရာ ကောင်းတာတစ်ခုရှိသေးတယ်။ ဒီရက်ပိုင်း ကိုအယ်ဦးနဲ့ မနန်းမူအဖေ ကတောက်ကဆဖြစ်တာ သိပ်မတွေ့ရဘူး။ အရင်ဆို အခုလို အလုပ်များတဲ့အချိန် သူတို့နှစ်ယောက် တစ်ကွေ့မဟုတ်တစ်ကွေ့ ငြိပြီးသား။ ကိုအယ်ဦး အနေများတာ မီးပုံးပျံလုပ်တဲ့စာကြည့်တိုက်ဆိုတော့ အန္တရယ်များသိလို့ မနန်းမူအဖေ မလာတာလည်းဖြစ်နိုင်တယ်။

.

ရှေ့သို့မီးပုံးပျံ လွှတ်တင်ခွင့်ရတဲ့ညက တကယ့်ပွဲကြီးပွဲကောင်းည။ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ အဖိတ်၊ လပြည့်နှစ်ရက်က တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွက် ကြက်ပျံမကျ စည်ကားတဲ့ညတွေ။ ရပ်နီးရပ်ဝေး ဧည့်ပရိတ်သတ် သိန်းနဲ့ချီ လာရောက်လည်ပတ် အားပေးကြတယ်။ ဒိတ်ဒိတ်ကြဲ နာမည်ကြီးမီးပုံးပျံတွေ လွှတ်တဲ့ညပေါ့။ တစ်ခန်းရပ်ကနေ တစ်ကျော့ပြန်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရှေ့သို့လူငယ်မီး အတွက် အခုလိုညမျိုး လွှတ်တင်ခွင့်ရတာ ဂုဏ်ယူစရာတစ်ခုလို့ဆိုရမှာ။ အဆင်သင့်လို့ ဆုတစ်ဆုလောက် ချိတ်လို့ကတော့ ကိုအယ်ဦးတို့အတွက် မင်္ဂလာလက်ဖွဲ့တွေ ခမ်းနားပြီးသား။ တစ်သက်တာအမှတ်တရလည်း ဖြစ်တာပေါ့။

.


“အယ်ဦးတို့၊ မောင်ထွေးတို့ မီးရှူးခိုပျံရိုက်တဲ့အချိန် စနက်ပေါက် ဖောက်တဲ့အချိန် သေချာဂရုစိုက်ကြဦးနော်။ မနေ့က ဟိုဘက်ရပ်ကွက် ယမ်းလောင်တယ်လို့ကြားတယ်”

.

ပြောပြောဆိုဆို စာကြည့်တိုက်ထဲရောက်လာတာ ကိုအယ်ဦး ယောက္ခထီးလောင်းကြီး ဦးခွန်စိန်။ ကြားသားမိုးကြိုး မလာစဖူး အလာထူးလို့။ ကိုအယ်ဦးရှိရင် စာကြည့်တိုက်နား ခြေဦးမလှည့်တဲ့လူက သူ့သမက်လောင်း နာမည်တပ်ပြီး ဂရုစိုက်လုပ်ဖို့တောင် ပြောနေသေးတယ်။ ဘယ်ချက်မှာ သိကြားနဲ့အသူရာ စစ်ထဖြစ်မလည်းဆိုတာ အားလုံးက ရင်တမမနဲ့။ ဒီတစ်ခါတော့ နှစ်ယောက်လုံး မိုးကောင်း လေကောင်း။ ကိုအယ်ဦးက သီချင်းလေးညည်းလိုက် ယမ်းထောင်းလိုက်။ ဦးခွန်စိန်က လူကြီးထုံးစံအတိုင်းမှာကြားပြီး လာရာလမ်းအတိုင်းပြန်။

.

“ဦးလေးမိုးချုပ်နေပြီဗျ။ ဖြည်းဖြည်းသွားဦးနော်။ ကျွန်တော်လိုက်ပို့ပေးရမလား” လို့ ကိုအယ်ဦးက လှမ်းပြောတယ်။

.

“နေပါစေကွာ၊ ငါသွားနေကျလမ်းတွေပါ။ မင်းတို့သာအန္တရယ်မဖြစ်အောင်ဂရုစိုက်လုပ်ကြ” တဲ့။

.

မျက်နှာချင်းဆိုင်တာနဲ့ အကြောင်းမရှိအကြောင်းရှာ တကျက်ကျက်ဖြစ်တဲ့နှစ်ယောက်ကြည့်ပြီး စာကြည့်တိုက်ထဲရှိတဲ့ လူတွေ တစ်အံ့တစ်သြ။ ထူးခြားဆန်းပြားမြင်ကွင်း ကြည့်နေရတဲ့အတိုင်း။ စကားနည်းပြီး အေးလွန်းလို့ ရေခဲတုံးကအဖေခေါ်ရတဲ့ ယမ်းဆရာ ကိုဖိုးလုံးတောင် အသံမြည်ရတဲ့အထိ။

.

“အယ်ဦး မင်းတို့သားအဖနှစ်ယောက် ဒီနေ့ဆေးများမှားသောက်ထားကြလား။ ပုလင်းမလှုပ်ဘဲ သောက်မိတယ်ဆိုရင် စာကြည့်တိုက်ရှေ့ ဂျွမ်းနှစ်ပတ်လောက် ထိုးလိုက်ပါကွာ။ အတည်ပေါက်လားနောက်တာလားသိရအောင်”

.

“မပြောတတ်ပါဘူးဖိုးလုံးရာ။ ထူးတော့ထူးဆန်းတယ်ဟ။ ငါ့မြင်ရင် ဆယ့်နှစ်ရာသီ ပြဿနာရှာတဲ့လူက ဒီနေ့ကျတော့ သူမဟုတ်တဲ့အတိုင်း။ ငါနဲ့နန်းမူအတွက် အတိတ်နိမိတ်ကောင်းဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ”

.

“အေးကွာ ဒီနှစ်မှမညားရင် မင်းတို့နှစ်ယောက် ဘိုးဘွားရိပ်သာနီးမှ ညားနေဦးမယ်။ ဦးခွန်စိန်ကြီး စိတ်ကောင်းဝင်တုန်း ပွဲပြီးတာနဲ့ နန်းမူကို ခိုးသာပြေးတော့။ နောက်ပိုင်းကိစ္စရှင်းဖို့ငါတို့တာဝန်ထားလိုက်”

.

“စိတ်ချငါ့ကောင် ပွဲပြီးတာနဲ့ခိုးပြီးသားပဲ။ ဒီနှစ်တန်ဆောင်တိုင် ငါ့လူပျိုဘဝနောက်ဆုံးဖြစ်စေရမယ် ဟီး . . . ဟီး . . .”

.

ပွဲတော်ကာလအတွင်း ကျွန်တော်တို့ရဲ့ တစ်ကျော့ပြန် ရှေ့သို့လူငယ်မီးလွှတ်ဖို့ ငါးရက်လောက်လိုတဲ့အချိန်။ ရက်အတော်ကြာ ခေါက်သိမ်းထားတဲ့ မီးပုံးပျံကိုယ်ထည်မှာ အပေါက်ရှိမရှိ မှိုင်းထောင်ပြီး ပြန်စစ်ကြတယ်။ မီးစာကျစ်တဲ့လူကကျစ်၊ မီးဆော့ထိုးဖို့ ထင်းရှူးဆီချောင်းနဲ့ မီးဆော့လုပ်တဲ့လူကလုပ်။ ကိုထွေးကြီးနဲ့ ကိုဖိုးလုံးတို့ ယမ်းဆရာတွေက မီးရှူးခိုပျံ၊ ဂလိုက်ဒါ၊ လေထီး၊ မီးလင်းမြွေ၊ ရောင်စုံယမ်းထုပ်တွေကို မီးကျည်ယမ်းခွေမှာ နေရာတစ်ကျ ချိတ်ဖို့ပြင်ဆင်ကြတယ်။ အလှည့်ကျတဲ့ လပြည့်ညမှာ လွှတ်တင်ဖို့ အားလုံးအဆင်သင့်။ ကျန်နေသေးတဲ့ အပြာရောင်ယမ်းထုပ်တစ်ရာလောက် စပ်လိုက်ရင် ကိစ္စကပြတ်သလောက်။

.

“အားလုံးလည်း ပြီးသလောက်ဖြစ်နေပြီ။ ဒီညအလုပ်ပြီးရင် မနက်ဖြန်တစ်နေကုန် နားကြမယ်။ ရေမချိုးရတာ သုံးရက်လောက် ရှိနေပြီဟ။ လူတွေလည်း လူရုပ်မပေါက်တော့ဘူးထင်ပါတယ်ကွာ။ အားလုံးသဘောတူကြလား”

.

ယမ်းခွေဆင်နေတဲ့ မီးဆရာ ကိုထွေးကြီးကပြောတာ။ သူကိုယ်တိုင်ပြောမှတော့ ကျန်တဲ့လူတွေလည်း နားစေသတည်း ပေါ့။ သွားအတွန့်တက်လို့မှမရတာ။ ကိုထွေးကြီးကိုယ်တိုင် သတ်မှတ်တဲ့ပိတ်ရက်ဖြစ်လို့ မနက်တည်းက စာကြည့်တိုက်နား ဘယ်သူမှမသွားကြဘူး။ နားခွင့်ရတုန်း အတိုးချနားတယ်ပြောရမှာပေါ့။ နေ့ခင်း နှစ်နာရီလောက် မီးပုံးပျံလုပ်တဲ့တစ်ဖွဲ့လုံး ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်မှာ စုကြတယ်။ ငါးနာရီလောက်မှ အလုပ်ပြန်စမှာ ဆိုတော့ ဆိုင်ထဲမှာဖွင့်ထားတဲ့ စစ်ကားထိုင်ကြည့်ကြတယ်။ ဟောလိဝုဒ်နာမည်ကြီးမင်းသား မဲလ်ဂစ်ဆင် ပါဝင်သရုပ်ထားတဲ့ (We Were Soliders) ဆိုတဲ့စစ်ကား။ ရိုက်ကွင်းရိုက်ကွက်တွေကကောင်း၊ အပစ်အခတ်တွေ ပီပြင်လွန်းတော့ ဆိုင်ထဲလူကုန် ဇာတ်လမ်းထဲမျောနေတုန်း အမြောက်ပစ်သလို ကျယ်လောင်တဲ့အသံတစ်ခု ရပ်ကွက်ထဲက ထွက်လာတယ်။

.

“ရှေ့သို့မီးကိုနိုင်ချင်ရင် ဆယ်နှစ်ဆယ်မိုးကြိုးစားပါဦး။ ပထမဆုယူမယ့်မီး ရှေ့သို့မီး ရှေ့သို့မီးဟေ့ . . .”

.

ဗုဒ္ဓမြတ်စွာဘုရားရှင် ရုပ်ပွားတော်မြတ်ကို လျှပ်စစ်ဆီမီးပူဇော်ထားတဲ့ကားက ရှေ့ဆုံး။ အဲဒီကားပေါ်မှာ မီးပုံးပျံအတွက် မီးစာတင်ထားတယ်။ နောက်ကားတစ်စီးပေါ်မှာ မိုးကာနဲ့ လုံလုံခြုံခြုံအုပ်ထားတဲ့ မီးပုံးပျံကိုယ်ထည်။ နောက်ဆုံးကား ပေါ်မှာ မီးကျည်ယမ်းခွေ။ ညမီးကြီး မီးပုံးပျံတစ်လုံးအတွက် ယမ်းခွေက အသက်တစ်မျှ အရေးကြီးတာကြောင့် ဗြောင်သွပ်ပါးနဲ့ အိမ်တစ်လုံးလိုလုပ်ပြီး အုပ်ထားတယ်။ သံပြိုင်တီးနေတဲ့ အိုးစည်ဗုံမောင်းက နှစ်ဖွဲ့။ မီးပုံးပျံလွှတ်ဖို့ လိုက်လာတဲ့လူတွေက တစ်ရပ်ကွက်လုံးနီးပါး။ ကိုအယ်ဦးရဲ့ အမေနဲ့အစ်မရယ် မနန်းမူရယ်က ဦးခွန်စိန်မောင်းတဲ့ ကားပေါ်မှာ။

.

“မီးပုံးပျံ ဆွဲမဆွဲစောင့်ဦး။ သေချာပြီဆိုမှယမ်းခွေချိတ်။ ယမ်းခွေဆိုင်းကြိုးကိုင်ထားတဲ့ကောင်တွေ နေရာမမှားစေနဲ့။ ကန့်လန့်သွားချိတ်မိရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်။ ဆွဲတာသေချာမှ ယမ်းခွေစနက်တံရှို့”

.

လပြည့်ညဆိုတော့ မီးပုံးပျံချစ်ပရိတ်သတ်တွေက သိန်းနဲ့ချီ ကွင်းလုံးပြည့်။မီးပုံးပျံဆွဲတာ  မသေချာဘဲ ယမ်းခွေစနစ်တံ ရှို့လိုက်ရင် လွှတ်တဲ့အဖွဲ့ကော လာကြည့်တဲ့ပရိတ်သတ်ပါ အန္တရယ်များတာကြောင့် ဂရုစိုက်ဖို့ ယမ်းဆရာ ကိုထွေးကြီး ညွှန်ကြားနေတာ။

.

“လေငြိမ်တယ် မီးပုံးပျံဆွဲနေပြီ ယမ်းခွေချိတ်တော့”

.

“သေချာပြီ စနက်တံလေးချောင်းလုံးရှို့”

.

ယမ်းခွေနဲ့မီးပုံးပျံ ဟန်ချက်ညီတော့ လေထဲကို တငြိမ့်ငြိမ့်နဲ့။ စနက်တံလေးချောင်းက မီးပွှားတွေ ရေတံခွန်လို ကောင်းကင်ယံမှာ တစ်လက်လက်။ သတ်မှတ်အမြင့်ပေရောက်တာနဲ့ အပြာရောင်ယမ်းထုပ်တွေ စပွင့်တယ်။ နောက်တော့ ဝါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံ။ ထောင်ချီတဲ့ မီးရှူးခိုပျံတွေ အုံကျင်းဖွဲ့တော့ လက်ခုပ်သြဘာသံဆိုတာ ကမ္ဘာပြိုတဲ့အတိုင်း။ ကိုအယ်ဦး အမေနဲ့အစ်မ။ ကိုအယ်ဦးရဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူရည်စား မနန်းမူ။ ရောင်စုံဖြာတဲ့ မီးပုံးပျံကိုကြည့်ပြီး သူတို့မျက်ဝန်းမှာ မျက်ရည်တွေသီးနေတာလား စီးနေတာလား။

.

ကိုထွေးကြီးသတ်မှတ်တဲ့ အားလပ်ရက်က တစ်ဖွဲ့သားလုံး တစ်နေကုန်နားဖို့သတ်မှတ်တဲ့ လွတ်လပ်ရေးနေ့။ အပြာရောင်ယမ်းထုပ် တစ်ရာအတွက် အလုပ်ဇောကပ်နေတဲ့ ကိုအယ်ဦးက နေ့ခင်း နှစ်နာရီလောက် စာကြည့်တိုက် သော့ဖွင့်ပြီး တစ်ယောက်တည်း ယမ်းစပ်ဖို့လုပ်တယ်။ သတိဆိုတာ ပိုတယ်မရှိဆိုတဲ့ မြန်မာစကား။ ရောင်စုံယမ်းထုပ်အတွက် ယမ်းစိမ်းနဲ့ ရောစပ်အသုံးပြုရတဲ့ ပေါ်တက် (ဒေသခေါ်) ကို ကိုအယ်ဦးက ကျောက်ငရုတ်ဆုံထဲ ထည့်ကြိတ်တယ်။ အဲဒီဓာတုဗေဒပစ္စည်းက စာရွက်ပေါ်တင် ပြီးဇွန်းနဲ့ ခပ်ပြင်းပြင်း ချေမိရင်တောင် ပေါက်ကွဲအားပြင်းထန်တဲ့ပစ္စည်းတစ်မျိုး။ ညနေသုံးနာရီလောက် ကြားလိုက်ရတဲ့ ပေါက်ကွဲသံက ကိုအယ်ဦးနဲ့ ကျွန်တော်ကြား တံတိုင်းကြီးတစ်ခု ခြားလိုက်တာပါပဲ။

.

“ရှမ်းရိုးမထက်ကို အလည်လာဖို့ဖြင့်ဆို အပျော်ရွှင်ဆုံးရှိမယ့်လတန်ဆောင်တိုင် မြူးကြွကြွအိုးစည် ဗေထုံတီးဘဝဂ်ညံ ပြိုင်ဆင်နွဲမိုးထက် မီးပုံးပျံ”

.

ဒီလိုအချိန်အခါရောက်တိုင်း၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ရောက်တိုင်း အစ်မအပျိုကြီး မနန်းမူက ပြောတယ်။ ငါ့အဖေက အယ်ဦးကို သားတစ်ယောက်လိုချစ်ပါတယ်။ ငါကလည်း အယ်ဦးကိုချစ်တယ်။ ဒါပေမဲ့ အယ်ဦးကတော့ . . . ။

.

[ဖြစ်ရပ်မှန်တစ်ခု အပေါ်တွင် အခြေပြု၍ ရေးသားထားပါသည်။]

Journal Download

Photo of three cats