ကျောက်မဲမြို့နယ် အတွင်း၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်ကြသည့် TNLA ၊ SSPP ပူးပေါင်းတပ်နှင့် RCSS တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူ ၂၂၀၀ ကျော် ရှိလာနေပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ လိုအပ်နေသည်ဟု သိရသည်။
.
" လိုတာတော့ အများကြီး၊ လောလောဆယ်တော့ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ အရေးပေါ် လိုနေတယ်။ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအပြင် ကလေးငယ်တွေလည်း ပါတယ်။ နီးစပ်ရာ ပရဟိတအဖွဲ့တွေဆီ ဆက်သွယ်ပြီး လှူလို့ ရပါတယ်။" ဟု စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက ပြောသည်။
.
ဟူးဆွန်၊ ပုံးလုံ၊ မြိုင်းဆိုင်၊ ကြိမ်ကိုင်၊ ပန်ဟုန်း၊ တွန်ဟိတ်နှင့် ပုံးနွဲ့ကျေးရွာများမှ ဒေသခံ ပြည်သူများသည် ကျောက်မဲမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ စစ်ရှောင်စခန်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရခြင်း ဖြစ်သည်။
.
ဟူးဆွန်ရွာမှ အိမ်ထောင်စု ၁၆၁၊ လူဦးရေ ၁၃၀၄ ဦး၊ မြိုင်းဆိုင်ရွာမှ အိမ်ထောင်စု ၈၃ စု၊ လူဦးရေ ၃၂၀ ဦး၊ ကြိမ်ကိုင်ရွာမှ အိမ်ထောင်စု ၆၃ စု၊ လူဦးရေ ၂၄၉ ဦး၊ တွန်ဟိတ်ရွာမှ အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၄၁၇ ဦး၊ စုစုပေါင်း အိမ်ထောင်စု ၃၉၂ စု၊ စုစုပေါင်း လူဦးရေ ၂၂၉၀ ဦး ရှိကာ ယင်းတွင် ပန်ဟုန်း၊ ပုန်းလုံရွာနှင့် ပုန်းနွဲ့ရွာမှ စာရင်းများ မပါဝင်သေးကြောင်း သိရသည်။