တောင်ကြီးမြို့နယ်ရှိ ဈေးများ အားလုံး ဖွင့်လှစ်ခွင့် ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့နယ်ရှိ ဈေးများ အားလုံး ဖွင့်လှစ်ခွင့် ပြု

Stay at Home သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပြီးနောက် တောင်ကြီးမြို့နယ် အတွင်းရှိ ဈေးများ အားလုံးကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ ညနေပိုင်းမှ စတင်၍ ပြန်လည် ဖွင့်လှစ်ခွင့် ပြုပြီ ဖြစ်ကြောင်း သိရသည်။

.

" အစည်းအဝေးမှာတော့ ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ကနေ စ ပြီးတော့ အကုန် ဖွင့်ခွင့်ပြုလိုက်တယ်။ ဒီညမှာ ကျွန်တော်တို့ ကြော်ငြာစာ ထုတ်ပါမယ်။ ဈေးတွေ အားလုံး၊ ပန်းခြံ၊ ကလေးကစားကွင်းအားလုံး၊ ကုန်စုံဆိုင်တို့၊ စားသောက်ဆိုင်တို့၊ ကုန်တိုက်တို့ အကုန်လုံးကို ပြန် ဖွင့်ခွင့်ပြုပါတယ်။" ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးနေလင်း က ပြောသည်။

.

ဈေး ရောင်းချသူများ အနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအား တိကျစွာ လိုက်နာရမည့် အပြင် ဆိုင်ပိုင်ရှင်များ၊ အလုပ်သမားများ အားလုံးသည် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ် ရှိရမည် ဖြစ်ကာ ကာကွယ်ဆေးကိုလည်း ပုံမှန် ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် စားသောက်ဆိုင် ကုန်စုံဆိုင်များမှာ ည ၈ နာရီထိသာ ဆိုင်ထိုင် ရောင်းချခွင့် ရမည် ဖြစ်ကြောင်းလည်း ၎င်းထံက သိရသည်။

.

ထို့အတူ ညဈေးများနှင့် ပတ်သက်၍ ဦးနေလင်း က " ညဈေးတွေလည်း သူတို့ကို ပြင်ဆင်ချိန် ပေးပြီးရင် ဖွင့်ခွင့် ပေးသွားပါမယ်။ အချိန်ကတော့ ည ၈ နာရီ၊ ၉ နာရီလောက်ထိ ခွင့်ပြုဖို့ စီစဉ်ထားတယ်။ အချိန်ကိုတော့ တရားဝင်ညွှန်ကြားချက် ထုတ်ပြန်မှာပါ။ " ဟု ပြောသည်။

.

တောင်ကြီးမြို့နယ်အတွင်း၌ COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ဈေးများ၊ ကုန်တိုက်များ၊ ပန်းခြံများ၊ ကလေးကစားကွင်းများ၊ တည်းခိုခန်းများ၊ ဈေးဆိုင်များကို ပိတ်သိမ်းထားခဲ့ရာမှ Stay at Home ပယ်ဖျက်ပြီးနောက် ယင်းကဲ့သို့ ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats