အခြေခံပညာ‌ကျောင်းများ၏ အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီလတွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အခြေခံပညာ‌ကျောင်းများ၏ အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီလတွင် ပြုလုပ်မည်


အခြေခံပညာကျောင်းများ၏ အတန်းအလိုက် အတန်းတင် စာမေးပွဲများကို လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

.

နိုဝင်ဘာလ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည့် အခြေခံပညာကျောင်းများ၏ စာသင်နှစ် (စာသင်ကာလ) မှာ ၃ လကျော်ခန့် ရှိမည် ဖြစ်ပြီး ယင်း စာသင်ကာလ ပြည့်မြောက်ပါက အတန်းတင် စာမေးပွဲများကို ပုံမှန်အတိုင်း ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရသည်။

.

" ကျောင်း တက်ပြီး ၁၂ ပတ် အကြာတွင် စာမေးပွဲများ ဖြေဆိုသွားရမည်။" ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိုဝင်ဘာလ ၂ ရက်တွင် တောင်ကြီးမြို့ပေါ်ရှိ စာသင်ကျောင်း အချို့အား လိုက်လံကြည့်ရှုစဉ် ကျောင်းသား/သူများကို ယင်းကဲ့သို့ ပြောဆိုခဲ့သည်။

.

ထို့အတူ အခြေခံညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က "စာသင်နှစ်က ၁၄ ပတ် (၃လခွဲ) တာ ကာလပဲ ရှိမယ်။ အဲ့ဒီကာလနဲ့ ကိုက်ညီအောင် သင်ရိုး ညွှန်းတမ်း ရေးဆွဲထားပြီး တိုင်းနဲ့ ပြည်နယ် အားလုံးကို ပို့ပေးထားပြီး ဖြစ်တယ်။ အဲ့ဒီအတိုင်း သင် ကြားပြီးရင် ဖေဖော်ဝါရီလထဲမှာ အရင်အတိုင်းပဲ စာမေးပွဲတွေ စစ်ဆေးသွားမှာ ဖြစ်ပါတယ်''ဟု နိုင်ငံပိုင်မီဒီယာသို့ ပြောဆိုထားသည်။

.

လက်ရှိတွင် ရှမ်းပြည်နယ်မှ ၂၆ မြို့နယ် အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့နယ် စုစုပေါင်း ၄၆ ခု ရှိ အခြေခံပညာ ကျောင်းများကို COVID-19 အခြေအနေကြောင့် ပြန်လည် ဖွင့်လှစ်ခွင့် မပြုသေးဘဲ ကျန်ကျောင်းများကိုသာ စစ်ကောင်စီက ဖွင့်လှစ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

.

ယင်းကဲ့သို့ ပြန်လည် ဖွင့်လှစ်နေသည့်စာသင်ကျောင်းများတွင်လည်း COVID-19 ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ကျောင်းတက်သူ ဦးရေ နည်း‌ပါးနေလျက် ရှိကြောင်းလည်း သိရသည်။

.

COVID-19 တတိယလှိုင်း စတင်သည့် ဇွန်လ ၁ ရက်တွင် အခြေခံပညာကျောင်းများ အားလုံးကို စစ်ကောင်စီက ဖွင့်လှစ်ခဲ့သော်လည်း COVID-19 ကူးစက်မှု ပြင်းထန်လာသည့်အတွက် ဇူလိုင်လတွင် ပိတ်သိမ်းပြီးနောက် ၄ လကျော်အကြာတွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats