နောင်နှစ်ခါ တန်ဆောင်မုန်း ပြန်ဆုံဦးစို့ အဝေရာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်နှစ်ခါ တန်ဆောင်မုန်း ပြန်ဆုံဦးစို့ အဝေရာ


မြန်မာနိုင်ငံ အတွင်းရှိ ဒေသအသီးသီးတွင် ၁၂ လရာသီ မပြတ် ပွဲတော်များကို ဆင်ယင်ကျင်းပလေ့ ရှိကြပါသည်။ ယင်းပွဲတော်များအနက် ရှမ်းမြို့တော် တောင်ကြီးမြို့၏ ထင်ရှားပြီး ကမ္ဘာကျော်သည့် ပွဲတော်မှာ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာမီးပုံးပျံ ပြိုင်ပွဲ လည်း အပါအဝင် ဖြစ်သည်။

.

တန်ဆောင်မုန်းလ အခါသမယတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့က မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် တန်ဆောင်တိုင် မီးပူဇော်ပွဲများ ကျင်းပကြသည့် နည်းတူ ရှမ်းမြို့တော် တောင်ကြီးတွင်လည်း တန်ဆောင်တိုင်ဆီမီးပူဇော်ပွဲ နှင့်အတူ ရိုးရာမီးပုံးပျံ လွှတ်တင်ပူ‌ဇော်ပွဲများကို စစ်ပြီးခေတ်မှ စတင်၍ ယနေ့ခေတ်ထိ အစဥ်အလာမပျက် ကျင်းပလာခဲ့ရာ နှစ်ပေါင်း ၇၀ ကျော် တိုင်ခဲ့ပြီ ဖြစ်သည်။

.

ထိုအချိန်က စတင်ခဲ့သော မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲသည် ခေတ်အဆက်ဆက် မီးပုံးပျံပညာရှင်၊ ဝါသနာရှင်များ ၏ ကြိုးစားအားထုတ်မှု၊ အနစ်နာခံမှုတို့ကြောင့် ယနေ့အခါတွင် ကမ္ဘာကျော်သည့် ပွဲတော်တစ်ခု ဖြစ်လာခဲ့ပြီး ပြိုင်ပွဲဝင် မီးပုံးပျံများကလည်း တစ်နှစ်ထက် တစ်နှစ် ရိုးရာအမွေအနှစ်ကို အခြေခံ၍ ဆန်းသစ်တီထွင်မှုများ ပြုလုပ်လာခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါသည်။

.

မီးပုံးပျံသည် တောင်ကြီးသားတို့၏ အသွေးအသား၊ အသည်းနှလုံးပမာ ဖြစ်ပါသည်

.

မီးပုံးပျံသည် တောင်ကြီးသားတို့၏ အသွေးအသား၊ အသည်းနှလုံးပမာ ဖြစ်ပါသည်။ တောင်ကြီးသား မှန်လျှင် မီးပုံးပျံကို ချစ်ကြသည်။ ရူးသွပ်ကြသည်။ နှစ်စဉ် ပွဲ မဝင်ခင် ၃/၄ လခန့် ကြိုတင်၍ ပြင်ဆင် ဆောင်ရွက်ကြသည်။ မီးပုံးစက္ကူ ကပ်သူက ကပ်၊ ဝါး ရှာသူက ရှာ၊ ယမ်း ပြင်သူက ပြင် စသည်ဖြင့် ထမင်းမေ့ ဟင်းမေ့ ဆောင်ရွက်တတ်ကြသည်မှာလည်း တောင်ကြီးသားတို့၏ ချစ်စရာဓလေ့ ဖြစ်သည်။

.

အကြောင်း အမျိုးမျိုးကြောင့် တောင်ကြီးမြို့မှ အခြား ပြည်တွင်း/ပြည်ပ မြို့ရွာဒေသ အသီးသီးသို့ ရောက်ရှိနေကြသော တောင်ကြီးသားတို့သည်လည်း တန်ဆောင်တိုင် အချိန်ရောက်လျှင် ကိုယ့်မြို့ ကိုယ် ပြန်လိုလှသည်။ အကြောင်း ညီညွတ်သူများက မဖြစ်မနေ အရောက်ပြန်လာတတ်ကြသလို အကြောင်း မညီညွတ်သူများမှာတော့ အဝေးမှ လွမ်းနေကြရစမြဲပင်။

.


ထို့အပြင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးသားများ သာမက မြန်မာပြည်ဒေသ အနှံ့အပြားမှ ဧည့်သည်များ၊ ပြည်ပနိုင်ငံ အသီးသီးမှ နိုင်ငံခြားသား ဧည့်သည်များကလည်း ချစ်ခင် နှစ်သက်ကြပါသည်။ တန်ဆောင် တိုင်ပွဲတော်အချိန် ရောက်လျှင် တောင်ကြီးတစ်မြို့လုံး၌ မြို့သူမြို့သားများ သာမက အဆိုပါ ပြည်တွင်း/ပြည်ပ ဧည့်သည် များနှင့် ကြက်ပျံမကျ စည်ကားလေ့ရှိပါသည်။

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကျင်းပသည့် အဝေရာမီးပုံးပျံကွင်းသို့ သွားရောက်ရာ လမ်း တစ်လျှောက်မှာ အစည်ကားဆုံး ဖြစ်သည်။ မီးပုံးပျံကွင်းသို့ ဝင်ရောက်ရာ ကျောက်တလုံးလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ၌ ပွဲဈေးတန်းခင်းကျင်း၍ ရိုးရာ အစားအစာများ၊ ဒေသထွက်ကုန်များ၊ မြန်မာပြည်တစ်နံတစ်လျားမှ ၁၂ ပွဲ ဈေးသည်များက ဈေးဆိုင်ခန်းများ လာရောက်ဖွင့်လှစ်ရောက်ချရာ ပွဲတော်ဈေးခင်းကြီးတစ်လျှောက်မှာ နှစ်စဉ် စည်ကားလို့နေခဲ့သည်။

.

ရှမ်းပြည်ရိုးရာ စားသောက်ကုန်များ ဖြစ်သော ကောက်ညှင်းကျည်တောက်၊ ဝက်သားချဉ်၊ ငါးထမင်းနယ် တို့ အပြင် မြန်မာနိုင်ငံဒေသအသီးသီးမှ အစားအသောက်များကို ယင်းပွဲဈေးတန်း တစ်လျှောက်တွင် တိုးဝှေ့လမ်းလျှောက်ရင်း ဗိုက်ဆာလာသည့်အခါ စိတ်ကြိုက် ဝင်ဆွဲ (စား) နိုင်သည်။ ချားရဟတ်စီးနိုင်သည်။ တောင်ကြီးသား အများစုကတော့ ပွဲဈေးခင်းအတွင်း ရောင်းချသည့် ဈေးနှုန်းမှာ အပြင်ထက် ပိုမိုဈေးများသောကြောင့် အိမ်မှာပင် ဗိုက် အဝ ဖြည့်ပြီးမှ ပွဲတော်ဆီသို့ ချီတက်ကြသည်။

.

ပွဲတော်မုခ်ဦး ဧရာဝတီလမ်းဆုံမှသည် အဝေရာမီးပုံးပျံကွင်းအထိ ပွဲဈေးခင်း တစ်လျှောက် လူကြားထဲ တိုးဝှေ့ရင်း ရောက်မှန်းမသိ ရောက်သွားသည်က ပျော်စရာ ကောင်းသလို တစ်ခါတစ်ရံ ပွဲတော်မုခ်ဦး မဆိုထားဘိ အရှေ့မြို့ပတ်လမ်းတစ်လျှောက်တွင်ပင် ကားပိတ်မိနေပြီး ညနေ ၆ နာရီ၊ ၇ နာရီ အိမ်မှ ထွက်လာသော်လည်း ညည့်သန်းခေါင်မှ အဝေရာမီးပုံးပျံကွင်းဆီသို့ ရောက်သဖြင့် စိတ်မောပင်ပန်း နွမ်းလျခဲ့ရသည်များလည်း ရှိသည်။

.


ကွင်းထဲ ရောက်တော့ ညမီးကြီး မီးပုံးပျံ တစ်လုံး တက်သွားပြီး မီးရှူး၊ မီးပန်းများ လှပဝေဆာစွာ ဖြာကျလေတိုင်း လက်ခုပ်လက်ဝါးတီး အားပေးကြရသလို အကြောင်းအမျိုးမျိုးကြောင့် အခန့် မသင့်၍ မီးပုံးပျံများ ပျက်ကျသဖြင့် ထွက်ပြေးကြရသည်များလည်း ရှိသည်။

.

တစ်မျှော်တစ်ခေါ် ကျယ်ဝန်းလှသော အဝေရာကွင်းပြင်ကြီးသည် တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကာလအတွင်း လူတစ်ကိုယ်စာပင် နေရာ မရအောင် ကြပ်ညှပ်နေသည်ကို ကြည့်၍ ပွဲလာပရိသတ် မည်မျှ များပြားသည်ကို ခန့်မှန်းနိုင် မည်ဖြစ်သည်။

.

ထိုထိုသော တောင်ကြီးသားတို့၏ အသည်းနှလုံး၊ ရှမ်းပြည်နယ်၏ ဂုဏ်ဆောင်၊ ကမ္ဘာကျော် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကြီးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က COVID-19 ကပ်ရောဂါ ကူးစက်မှု အခြေအနေများအရ ကျင်းပနိုင်ခဲ့ခြင်း မရှိသဖြင့် တောင်ကြီးသားများ ဆွေး ကျန်ခဲ့ရသည်။ ၂၀၁၉ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်း ဆုရ အဆိုရှင် ဟိန်းကိုကလည်း “၂၀၂၀ နဲ့ ဝေးရမယ့်ပွဲ” ဟု တေးသီချင်း စပ်ဆို၍ အဝေရာကို အလွမ်း ပိုပြခဲ့သေးသည်။

.

ယခု ၂၀၂၁ ခုနှစ်တွင်လည်း COVID-19 ကပ်ရောဂါနှင့်အတူ နိုင်ငံရေး အခြေအနေများကြောင်း အဝေရာနှင့် ထပ်မံ ဝေးရပြန်သည်

.

ယခု ၂၀၂၁ ခုနှစ်တွင်လည်း COVID-19 ကပ်ရောဂါနှင့်အတူ နိုင်ငံရေး အခြေအနေများကြောင်း အဝေရာနှင့် ထပ်မံ ဝေးရပြန်သည်။ နှစ်စဉ် အစဉ်အလာ မပျက် ကျင်းပမြဲ ဖြစ်သော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာမီးပုံးပျံပြိုင်ပွဲကို ၂ နှစ်ဆက်တိုက် မကျင်းပနိုင်ခဲ့သည်မှာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

.

မှတ်တမ်းများအရ ၁၉၄၉ ခုနှစ်၊ ပြည်တွင်းစစ်ကာလ၊ တောင်ကြီးမြို့ကို KNDO များ သိမ်းပိုက်ထားစဉ်က တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်၊ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း သိရပြီး ယခုအခါ ၂ နှစ်ဆက်တိုက် မကျင်ပနိုင်ခဲ့ခြင်း ဖြစ်သည်။

.

၂ နှစ်ဆက်တိုက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို ကျင်းပနိုင်ခြင်း မရှိသော်လည်း လာမည့် ၂၀၂၂ ခုနှစ် တန်ဆောင်တိုင် ပွဲတော်ကာလတွင် တောင်ကြီးသူ/တောင်ကြီးသားများ အားလုံး၊ ပြည်တွင်း/ပြည်ပမှ တန်ဆောင်တိုင် မီးပုံးပျံချစ်သူ ရွှေပွဲလာပရိသတ်များ အားလုံး အဝေရာကွင်း အတွင်း တစ်စုတစ်ဝေးတည်း ပြန်လည်ဆုံစည်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြင့် . . .

.

နောင်နှစ်ခါ တန်ဆောင်မုန်း ပြန်ဆုံဦးစို့ အဝေရာရေ . . .။ ။

မှတ်တမ်းများအရ ၁၉၄၉ ခုနှစ်၊ ပြည်တွင်းစစ်ကာလ၊ တောင်ကြီးမြို့ကို KNDO များ သိမ်းပိုက်ထားစဉ်က တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်၊ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း သိရပြီး ယခုအခါ ၂ နှစ်ဆက်တိုက် မကျင်ပနိုင်ခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats