ကျောင်းများ ဖွင့်ခွင့် ရသော်လည်း ဈေးများ ဖွင့်လှစ်ခွင့် မရခြင်းအပေါ် ဝေဖန်မှုများ မြင့်တက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကျောင်းများ ဖွင့်ခွင့် ရသော်လည်း ဈေးများ ဖွင့်လှစ်ခွင့် မရခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်

Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့် ရသော်လည်း ဈေးများ ဖွင့်လှစ် ရောင်းချခွင့် မရသေးသည့် အပေါ် ဝေဖန်မှုများ မြင့်တက်နေလျက် ရှိသည်။

.

" ခုလို အချိန်မျိုးမှာ ကျောင်းတွေ ပြန် ဖွင့်တာ ကလေးတွေ ပညာရေးအတွက် နားလည်ပေးလို့ ရတယ်။ ဒါပေမဲ့ ဘာလို့ ဈေးတွေကြ မဖွင့်ရတာလဲ။ ကိုဗစ်စည်းကမ်းချက်နဲ့ အညီ ကျောင်းတွေ ဖွင့်လို့ ရရင် ဈေးလည်း အဲလိုမျိုး ဖွင့်လို့ ရ ရမှာပေါ့။" ဟု တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက်နေ ဒေါ်နန်း (အမည်လွှဲ) က ပြောသည်။

.

တောင်ကြီးမြို့မဈေးရှိ ဆိုင်ခန်း ပိုင်ရှင် တစ်ဦးမှလည်း " ကွက်ကြားမိုးပေါ့၊ ဟိုလူကြတော့ တစ်မျိုး၊ ဒီလူကြတော့ တစ်မျိုး ဖြစ်နေတာ။ ကျောင်းသားတွေ စာသင်ဖို့ အရေးကြီးသလို ဈေးသည်တွေ ဈေးရောင်းရဖို့လည်း အရေးကြီးတယ်။ အဲကလေးတွေက ကျွန်တော်တို့ သားသမီးတွေပဲ။ သူတို့ ကျောင်းတက်ဖို့ ကိုယ်တွေ ဝင်ငွေ ရှိနေဖို့ လိုတယ်။" ဟု ပြောသည်။

.

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်မှ စတင်၍ အခြေခံပညာကျောင်း အများစုကို စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်ခဲ့ရာ တောင်ကြီးမြို့နယ်ရှိ စာသင်ကျောင်းများလည်း ဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သော်လည်း အမှတ်(၅)ဈေးနှင့် ပုဂ္ဂလိကဈေးအချို့အား ကန့်သတ်ချက်ဖြင့် ဖွင့်လှစ်ခွင့် ပြုထားခြင်းမှ အပ ကျန် ဈေးများမှာမူ ယနေ့တိုင် ပိတ်သိမ်းထားဆဲ ဖြစ်သည်။

.

" တောင်ကြီးက Stay at Home ရှိနေဆဲ ဆိုပေမယ့် ပိုးတွေ့နှုန်းက ၅ ရာခိုင်နှုန်းအောက်မှာ ရှိလို့ ကျောင်း‌တွေ ဖွင့်တာ။ ဈေးက ဖွင့်မယ်ဆိုရင်တော့ ဖွင့်လို့ ရတဲ့ အနေအထားပေါ့။ ဒါပေမဲ့ ဖွင့်/မဖွင့်တော့ မသိဘူး။" ဟု အမည် မဖော်လိုသူ ဝန်ထမ်း တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့နယ်တွင် အောက်တိုဘာလ တတိယပတ်မှ စတင်၍ COVID-19 ပိုး တွေ့နှုန်းမှာ ၃ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရှိကြောင်း သိရသည်။

.

ပိုး တွေ့နှုန်း လျော့နည်းလာပါက COVID-19 ကော်မတီ ခွင့်ပြုချက်ဖြင့် အချိန် တိုး၍ ဖွင့်ခွင့် ပြုမည်ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးနေလင်း က  အောက်တိုဘာလ ဒုတိယအပတ်တွင် ပြောဆိုထားသည်။

Journal Download

Photo of three cats