TNLA အဖွဲ့၏ အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲကို ၎င်းတို့၏ ထိန်းချုပ်နယ်မြေ တစ်နေရာ၌ အောက်တိုဘာလ ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဗိုလ်လောင်းသင်တန်းကို ၂ နှစ်ကြာ သင်ကြား ပို့ချခဲ့ခြင်း ဖြစ်ပြီး သင်တန်းဆင်း အမျိုးသမီး အရာရှိ ၃၇ ဦး ရှိခဲ့ပြီး ၂ ဦးမှာမူ အကြောင်း အမျိုးမျိုးကြောင့် သင်တန်းပြီးဆုံးချိန်အထိ တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
.
“ နိုင်ငံတိုင်းမှာ အမျိုးသမီး ဦးရေက အမျိုးသားထက် များတယ်။ အမျိုးသမီးတိုင်းက သူ့ကဏ္ဍနဲ့သူ လုပ်ကိုင်နိုင်တဲ့ အရည်ချင်းတွေ ရှိကြတယ်။ ကျွန်တော်တို့လည်း သူတို့ကိုယ်ပိုင် အခွင့်အလမ်းနဲ့ စီမံဆောင်ရွက်နိုင်မှုကို သူတို့ကို ပြသခွင့်ပေးချင်တယ်။ နေရာတွေလည်း ပေးချင်တယ်။ အမျိုးသမီးတွေကို လုပ်ငန်းစဥ်တိုင်းမှာ ဦးဆောင်နိုင်အောင် ပါဝင်နိုင်အောင် ရည်ရွယ်ပြီးတော့ လုပ်ရခြင်း ဖြစ်ပါတယ်”ဟု TNLA ၏ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ရွှေဖီမြေသို့ ပြောဆိုထားသည်။
.
TNLA တပ်ဖွဲ့တွင် ဗိုလ်လောင်းသင်တန်း ပထမအသုတ်အဖြစ် အမျိုးသား ဗိုလ်လောင်းသင်တန်းကို ပြုလုပ်ခဲ့ပြီးနောက် ယခုတွင် ဒုတိယသုတ်အဖြစ် အမျိုးသမီး ဗိုလ်လောင်းသင်တန်းကို ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် TNLA တပ်ဖွဲ့ဝင်များအနက် အမျိုးသမီး ဦးရေမှာ ၂၀ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။
.