ရှမ်းပြည်နယ်အတွင်းမှ မြို့နယ် ၁၀ ခုကို Stay at Home အမိန့်များ ထုတ်ပြန်ထားရာ ယင်းအမိန့်များမှာ လက်ရှိ အောက်တိုဘာလ ၂၉ ရက်ထိ တည်ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။
.
လားရှိုးမြို့နယ်ကို ဇွန်လ ၂၆ ရက်က လည်းကောင်း၊ လောက်ကိုင်မြို့နယ်ကို ဇွန်လ ၂၈ ရက်က လည်းကောင်း၊ နောင်ချိုမြို့နယ်ကို ဇူလိုင်လ ၃ ရက်က လည်းကောင်း၊ သီပေါမြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့ကို ဇူလိုင်လ ၁၃ ရက်က လည်းကောင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့ကို ဇူလိုင်လ ၂၅ ရက်က လည်းကောင်း၊ ကျိုင်းတုံမြို့နယ်ကို ဩဂုတ်လ ၁၉ ရက်က လည်းကောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အမိန့် အသီးသီး ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ထို့အတူ ပြည်နယ်အတွင်းရှိ မြို့/ဒေသအချို့ကိုလည်း ပြည်နယ်အဆင့် Stay at Home အမိန့် သတ်မှတ်ခြင်း၊ မြို့နယ်အဆင့် Local Semi-Lockdown သတ်မှတ်ခြင်းများကို ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
.
အဆိုပါ Stay at Home မြို့နယ်အချို့နှင့် Local Semi-Lockdown သတ်မှတ်ထားသည့် မြို့အချို့တွင် ယခု ရက်ပိုင်းအတွင်း တပ် ထောက်ခံပွဲများ ပြုလုပ်နေသည့် အပေါ် ဝေဖန်မှုများလည်း မြင့်တက်နေလျက် ရှိသည်။
.
ရှမ်းပြည်နယ်တွင် COVID-19 ကူးစက် ပျံ့နှံ့မှု မြင့်တက်နေဆဲ ဖြစ်ကာ လက်ရှိ တတိယလှိုင်း ကာလအတွင်း၌ COVID-19 ပိုး ရှိသူ စုစုပေါင်း ၆၀၇၀၀ ဦးကျော် တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၇၀၀ ဦးကျော်မှာ သေဆုံးခဲ့ရသည်။