ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD ) ပါတီ တည်ထောင်ခြင်း ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရကိုယ်စား ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာ ပေးပို့ခဲ့သည်။
.
အဆိုပါ သဝဏ်လွှာတွင် " ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားလာရေးအတွက်သာမက နှစ်ပေါင်း(၆၀)ကျော် ကြာ ပြည်တွင်းရေးပဋိပက္ခကို အဆုံးသတ်စေမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားလာရေးအတွက် တစိုက်မတ်မတ်ရပ်တည်ဆောင်ရွက်နေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) ၏ ယနေ့ ကျရောက်သည့် (၃၃) နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့အား အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။" ဟု ပါရှိသည်။
.
ထို့အတူ SSPP/SSA ၊ RCSS/SSA ၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ၊ Tai Student Union ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) နှင့် မွန်ရေးရာအဖွဲ့ (MAA) တို့လည်း သဝန်လွှာများ အသီးသီး ပေးပို့ခဲ့ကြသည်။
ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျရောက်သည့် SNLD ပါတီ တည်ထောင်ခြင်း ၃၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို အွန်လိုင်းမှ ပြုလုပ်ရာ SSPP/SSA ၊ RCSS/SSA၊ SSJAC အဖွဲ့ဝင် ဆင်ကျော့ဌာနေပြည်သူ့စစ် အပါအဝင် ပါတီနှင့် အဖွဲ့အစည်း စုစုပေါင်း ၁၈ ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။