PR စနစ် အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှု အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ပထမအပတ်အတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
.
ယင်း တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကာ ကျင်းပမည့် နေ့ရက်/အချိန်နှင့် နေရာကို ထပ်မံ အကြောင်းကြားမည်ဟု စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) က ယမန်နေ့ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ပါဝင် ဆွေးနွေး လိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ရွေးကောက်ပွဲ ဌာန သို့မဟုတ် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ဆက်သွယ်၍ အမည်စာရင်း ပေးပို့နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အချိုးကျ ကိုယ်စားပြုစနစ်(PR)တွင် ပါတီအလိုက် မဲပေးသောစနစ်၊ ရွေးကောက်ပွဲစနစ် ရောနှောကျင့်သုံးသည့် အချိုးကျ ကိုယ်စားပြုစနစ်နှင့် လွှဲပြောင်း၍ရသော တစ်မဲပေးစနစ် ဟူ၍ ရှိပြီး ယင်းစနစ်များတွင်လည်း ထပ်မံခွဲခြားနိုင်သည့် စနစ်များ ရှိသေးကြောင်း သိရသည်။