အာဆီယံ အထူးကိုယ်စားလှယ် အနေဖြင့် သက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တွေ့ဆုံ‌ ဆွေးနွေးပြီး ရလဒ်ကောင်းသည့် ခရီးစဉ် ဖြစ်မည်ဟု ယုံကြည်ကြောင်း PPST ခေါင်းဆောင်ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဆီယံ အထူးကိုယ်စားလှယ် အနေဖြင့် သက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တွေ့ဆုံ‌ ဆွေးနွေးပြီး ရလဒ်ကောင်းသည့် ခရီးစဉ် ဖြစ်မည်ဟု ယုံကြည်ကြောင်း PPST ခေါင်းဆောင်ပြော


မြန်မာနိုင်ငံသို့ လာရောက်မည့် အာဆီယံ အထူးကိုယ်စားလှယ် အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး၏ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ‌ညှိနှိုင်း ဆွေးနွေးပြီး ရလဒ်ကောင်းသည့် အစ ကောင်းသော ခရီးစဉ် ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်မည်ဟု PPST အလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောဆိုခဲ့သည်။

.
ယနေ့ အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် Video Conferencing ဖြင့် စတင် ပြုလုပ်နေသည့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်း အဝေး (၂၀/၂၀၂၁) အဖွင့်မိန့်ခွန်းတွင် နိုင်အောင်မင်းက ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် NCA စာချုပ် အသိသက်သေနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဆွေးနွေးပွဲအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟုလည်း ၎င်းက ပြော‌ဆိုခဲ့သည်။
.
ထို့အပြင် NUG က တော်လှန်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့် နောက်ပိုင်း ဖြစ်ပေါ်လာသည့် အခြေအနေများကို အနီးကပ် သတိထား စောင့်ကြည့်နေကြောင်းကိုလည်း နိုင်အောင်မင်း က ပြောဆိုခဲ့သေးသည်။
.


အဆိုပါ အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးမှု ၆ နှစ်ပြည့်မည့် အောက်တိုဘာလ ၁၅ ရက်တွင် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်ရန် ရှိ/မရှိ ဆွေးနွေးခြင်း၊ တပ်မတော်၏ ၅ လတာ အပစ်ရပ်ခြင်းနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ၃ ရပ်အပေါ် အမြင်ဖလှယ်ဆွေးနွေးခြင်း၊ NCA-S EAO တို့၏ စတုတ္ထကြိမ်မြောက် ညီလာခံ (ဒုတိယပိုင်း) ပြုလုပ်ရန် ကော်မတီ ဖွဲ့စည်းရေး ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
.
PPST အစည်း အဝေး (၂၀/၂၀၂၁)ကို အောက်တိုဘာလ ၁၃ ရက်ထိ ၂ ရက်တာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ယနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံ အထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီ အချို့ တွေ့ဆုံပွဲကိုမူ ရက် ရွှေ့ဆိုင်းထားကြောင်းလည်း သိရသည်။

Journal Download

Photo of three cats